Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

ခရိုင်/မြို့နယ်အဆင့် မူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်း လုပ်ငန်းညှိနှိုင်း အစည်းအဝေး

$
0
0
ထိုင်း - မြန်မာ နယ်စပ်ဒေသမြို့ဖြစ်သည့် တာချီလိတ်မြို့တွင် မူးယစ်ဆေးဝါးနှင့် ပတ်သက်၍ တားဆီးနှိမ်နင်း ဆန့်ကျင်မှုလုပ်ငန်းများအတွက် ပူးပေါင်းပါဝင် ဆောင်ရွက်မှု လုပ်ငန်းများအား တိုးချဲ့လုပ်ကိုင်နိုင်ရန် ၂၀၁၄ခုနှစ် မေလ(၂၈)ရက် ညနေပိုင်းက တာချီလိတ်မြို့ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့၊ တပ်ဖွဲ့စု(၃၀)တာချီလိတ်၏ ရဲဗလခန်းမဆောင်တွင် တာချီလိတ်ခရိုင် မူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်း (MANA)နှင့် မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်တို့ တွေ့ဆုံ၍ ဆွေးနွေးညှိနှိုင်းမှု အစည်းဝေးတစ်ရပ်ကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။



အဆိုပါ အစည်းအဝေးတွင် မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်မှ တပ်ဖွဲ့စုမှူး ဒုရဲမှူး သန်းရွှေက မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းမှု လုပ်ငန်းများနှင့် ပတ်သက်၍ အဖွင့်အမှာစကားပြောကြားပြီး တာချီလိတ်ခရိုင် မူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်း(MANA) ဥက္ကဌ ဦးသိန်းဝင်းမှ ခရိုင်/မြို့နယ်အဆင့် အသင်းပြန်လည်ဖွဲ့စည်းခြင်းနှင့် တာဝန်ပေးအပ်ခြင်း လုပ်ငန်းများအပြင် ကျေးရွာ အခြေပြုလုပ်ငန်းစဉ် ကိစ္စရပ်များအား ချပြရှင်းလင်းခဲ့သည်။


ဆက်လက်၍ MANA အသင်း၏ အတွင်းရေးမှူး ဖြစ်သူ ဦးသိန်းထွန်း မှ အသင်းဖွဲ့စည်းမှုဆိုင်ရာ စည်းမျဉ်းစည်းကမ်းများအကြောင်းကို ရှင်းလင်းပြောကြားပြီးနောက် တက်ရောက်လာသည့် MANA အသင်း အဖွဲ့ဝင်များမှ အကြံပြုဆွေးနွေး တင်ပြခဲ့ကြသည်။


ခရိုင် မူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်း(MANA) ဥက္ကဌ ဦးသိန်းဝင်းမှ ဇွန်လ(၂၆)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမ၀င်ရောင်းဝယ်မှု တိုက်ဖျက်ရေး အထိမ်းအမှတ်နေ့ အခမ်းအနားကို ကြိုဆို ဂုဏ်ပြုသောအားဖြင့် တာချီလိတ်မြို့၊ ဟောင်လိတ်မီးပွိုင့် လမ်းဆုံတွင် မူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်း ဆိုင်းဘုတ်တင်ခြင်းကို ပြုလုပ်သွားမည်ဖြစ်ကြောင်း နှင့် ဇွန်လ(၂၆)ရက်နေ့ မတိုင်မီ တာချီလိတ်မြို့ပေါ်ကျောင်းများမှာလည်း အသိပညာပေးဟောပြောပွဲများကို ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း နှင့် ကျေးရွာအုပ်စုများတွင် မူးယစ်ဆေးဝါးစွဲနေသူများအား ဆေးကုသပေးရေး အစီအစဉ်များကို သက်ဆိုင်ရာ ဌာနဆိုင်ရာများနှင့် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အဆိုပါ အစည်းအဝေးတွင် ပြောကြားသွားသည်။

တာချီလိတ်ခရိုင်တွင် မူးယစ်ဆေးဝါးဖမ်းဆီးရရှိမှုများနှင့် ပတ်သက်၍ အကြီးအမားဖမ်းဆီးရမှုနှင့် အသေးစား ဖမ်းဆီးရရှိမှု စုစုပေါင်းမှာ ၂၀၁၄ခုနှစ် ဇန်န၀ါရီလမှ စ၍ ယခု မေလ နောက်ဆုံးအပတ်ထိကို မူးယစ်အမှု(၇၆)မှုရှိပြီဖြစ်ကြောင်း သိရှိရသည်။

သတင်း။  ။ ကိုဇောင်း

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

Viewing all articles
Browse latest Browse all 18345

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>