ယနေ့ မတ်လ(၁၄)ရက် နံနက်ပိုင်းတွင် အ.ထ.က(တာချီလိတ်) စာစစ်ဌာနမှ စာမေးပွဲများ မဖြေဆိုမီ အချိန်တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် အာခါတိုင်းရင်းလူမျိုးရေးရာဝန်ကြီး ဦးပီတာသောင်းစိန်၊ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်တင်မေထွန်းတို့ ဦးဆောင်သောအဖွဲ့သည် စာမေးပွဲဖြေဆိုမှု အခြေအနေ
များအား လာရောက်အားပေးခဲ့ကြသည်။
ထိုသို့ လာရောက်အားပေးရင်း မြို့နယ်ပညာရေးမှူးရုံးဧည့်ခန်းတွင် ထူးခြားစွာ ယခုနှစ်မှာ လာရောက် ဖြေဆိုသော အတွဲ(၇)ဖြေဆိုသည့် ရန်အောင်မြေရပ်ကွက်နေ အဘဦးစိုင်းလိတ်+ဒေါ်စိမ်းယဉ်တို့၏ သမီးဖြစ်သူ ဆွံ့အ နားမကြား ကျောင်းသူကလေး မအိမ့်သက်လယ် အား ဂုဏ်ပြု ချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြကြောင်း သိရသည်။
အမှတ်(၂)အခြေခံပညာဦးစီးဌာနမှ စာမေးပွဲများအား ကြီးကြပ်ရန်ရောက်ရှိနေသော ကွင်းဆင်း
စစ်ဆေးသူ အရာရှိ ဆရာကြီး ဦးဗိုလ်မောင်မြင့် နှင့် မြို့နယ်ပညာရေးမှူး ဦးစိန်ထွန်းလှတို့မှလည်း ချီးကျူးအားပေးခဲ့ကြသည်။ အ.ထ.က(တာချီလိတ်) စာစစ်ဌာနသည် ယခုနှစ်တွင် ကျောင်းသား (၈၀၀)ကျော်ဖြေဆိုသော Centre ကြီး တစ်ခုအဖြစ် ယခုနှစ်မှ စတင်ဖြေဆိုခွင့်ရခြင်းဖြစ်ကြောင်း သိရှိရသည်။
ကျိုင်းတုံနှင့် တာချီလိတ်တွင်သာ ကျောင်းသား (၈၀၀)ကျော်ဖြေဆိုသော Centre ကြီးရှိကြောင်းလည်း သိသည်။ centre ကြီး ဖြစ်သဖြင့် စာမေးပွဲကြီးကြပ်ရေးမှူး အပြင် တွဲဖက်ကြီးကြပ်ရေးမှူးတစ်ဦးကိုပါ ထပ်ဆောင်းခန့်ထားပေးကြောင်းသိသည်။ လက်ထောက်ကြီးကြပ်ရေးမှူး များမှာလည်း တက်ကြွစွာ ပညာရေးဌာန၏ အရေးကြီးဆုံးတာဝန်များကို ကျေပွန်စွာဆောင်ရွက်နေကြသည်ကို တွေ့ရှိရသည်။
ကျောင်းသား အင်အားများသော်လည်း ယနေ့ထိ စည်းကမ်းသိမ်မွေ့စွာဖြင့် ပြဿနာတစ်စုံတစ်ရာမရှိဘဲ အဆင်ပြေချောမွေ့လျက်ရှိပြီး ယနေ့ညနေပိုင်းတွင် ဖြေဆိုပြီးသော ကျောင်းသား ကျောင်းသူကလေးများ၏ မျက်နှာများနှင့် မေးမြန်းချက်များအရ သင်္ချာဘာသာအား အထူးဖြေဆိုနိုင်ခဲ့ကြောင်း သိရသည်။
တာချီလိတ်၏ပညာရေး နှင့် အနာဂတ်အတွက် ဦးဆောင်မည့် ခေါင်းဆောင်လောင်းလေးများအား တာချီလိတ်မြို့နယ်အတွက် ပခုံးပြောင်းနိုင်ရေးအတွက် မင်္ဂလာသတင်းများ ကြားသိခဲ့ရသော နေ့တစ်နေ့အဖြစ် တင်ပြအပ်ပါသည်။

{ စာမေးပွဲ ဖြေဆိုနေစဉ် }

သတင်းပေးပို့သူ။ ။ မြတ်မျိုးမြင့်မာန်
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
web: www.tachileik.net
Facebook: www.fb.com/TachileikNews
Youtube: www.youtube.com/ TachileikNews
Email: tachileik@tachileik.net