Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

တာချီလိတ်မှ ကျပ်သိန်း(၄၀၀)ကျော် တန်ဖိုးရှိ ထောက်ပံ့ပစ္စည်းများဖြင့် နမ့်ဆန်မီးဘေးသင့် ဒေသသို့ ထွက်ခွာ

$
0
0
ရှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ်ခရိုင်၊ တာချီလိတ်မြို့နယ် ပုန်းထွန်ရပ်ကွက် ငွေတောင်ဦး ကမ္မဋ္ဌာန်းကျောင်းတိုက်၊ ဦးစီးပဓာန နာယက မဟာဂန္ထ၀ါစကပဏ္ဍိတ၊ မဟာကမ္မဋ္ဌာနာစရိယ ဆရာတော်ဘုရားကြီး ဘဒ္ဒန္တ၀ိရောစနက ဦးစီးပြီး ဒေသအုပ်ချုပ်ရေး အကြီးအကဲများမှ ကြီးကြပ်ကာ စေတနာရှင် ပြည်သူများမှ စုပေါင်းလှူဒါန်းထားသည့် တန်ဖိုးငွေ ကျပ်သိန်း (၄၀၀)ကျော် ရှိ ထောက်ပံ့ပစ္စည်းများကို ဖေဖော်ဝါရီလ (၈)ရက် နံနက်ပိုင်းက ရှမ်းပြည်နယ် မြောက်ပိုင်း နမ့်ဆန်မြို့ မီးဘေးသင့်ပြည်သူများအား လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်နိုင်ရန် အနန္တဂုဏ်ရည်ပရဟိတအဖွဲ့မှ တာချီလိတ်စေတနာရှင်များ ကိုယ်စားပြုကာ ထွက်ခွာသွားကြောင်း သိရသည်။



"နမ့်ဆန်မြို့ကို ရောက်ရင် ဟိုမှာရှိတဲ့ ပလောင်ဆရာတော်နဲ့ ချိတ်ဆက်ပြီးတော့ လက်ဝယ်အရောက် ပေးသွားမှာပါ၊ မိသားစု တစ်စုစာအတွက် ငါးသေတ္တာ၊ ခေါက်ဆွဲခြောက်နဲ့ အ၀တ်အစားအပြင် အသုံးအဆောင်တွေပါတဲ့ အထုပ်ကြီး တစ်ထုပ်ဆီကိုလည်း ပေးဝေသွားဖို့ စီစဉ်ထားပါတယ်"ဟု သွားရောက် ထောက်ပံ့လှူဒါန်းမည့် အဖွဲ့မှ ဦးအောင်ဖြိုးရှိန်က ပြောသည်။



ဖေဖော်ဝါရီလ (၄)ရက်နေ့ နေ့လယ်(၁)နာရီ မိနစ်(၂၀)အချိန်က စတင်ပြီး အချိန် (၁၂)နာရီကျော်အကြာ လောင်ကျွမ်းခဲ့သည့် နမ့်ဆန်မြို့ မီးဘေးသင့် ပြည်သူများမှာ (၂၀၀၀)၀န်းကျင်ရှိသည့်အတွက် တာချီလိတ်မှ စေတနာရှင်များက စုပေါင်း ပါဝင်လှူဒါန်းခြင်း ဖြစ်ကြောင်း သိရသည်။


တာချီလိတ်မှ နမ့်ဆန်မြို့ မီးဘေးသင့် ဒေသသို့ ဖေဖော်ဝါရီလ(၈)ရက် နံနက်(၁၀)နာရီအချိန်က စတင်ထွက်ခွာရန်အတွက် စစ်ဗျူဟာအဖွဲ့(အခြေချ)တာချီလိတ်၊ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ဇော်မင်းထွန်း၊ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ တို့မှ ရောက်ရှိလာပြီး လမ်းခရီးတွင် လိုအပ်မည့် အချက်အလက်များအတွက် ပံ့ပိုးကူညီပေးကြောင်း သိရသည်။

"နမ့်ဆန်ကို ထောက်ပံ့ပစ္စည်းတင်ယာဉ် နှစ်စီးနဲ့ ဦးဆောင်ယာဉ်တစ်စီး စုစုပေါင်း ယာဉ်(၃)စီးနဲ့ သွားမှာပါ၊ ဦးဆောင်ယာဉ်ကိုတော့ ဗယ်လင်တိုင်း ကဖေး က ကူညီပေးလိုက်တာပါ"ဟု အနန္တဂုဏ်ရည် ပရဟိတအဖွဲ့ဝင် တစ်ဦးက ပြောသည်။


နမ့်ဆန်မီးဘေးသင့် ဒေသသို့ ထောက်ပံ့ပစ္စည်းများနှင့်အတူ သွားရောက် လှူဒါန်းနိုင်ရန်အတွက်
သီတာမြနန်း ကျောက်မျက်ကုမ္ပဏီ(၂)နှင့် တာချီလိတ်မြို့ ဗယ်လင်တိုင်း - နိုင်းနိုင်း (ကဖေးနှင့်အအေး)စားသောက်ဆိုင် မိသားစုမှ ဦးဆောင်ယာဉ်တစ်စီးအား ကူညီပေးလိုက်ကြောင်းနှင့် ငွေတောင်ဦး ကမ္မဋ္ဌာန်းကျောင်းတိုက်၌ ထောက်ပံ့ပစ္စည်းများအား စနစ်တကျ ထုပ်ပိုးစဉ် လုပ်အား ဒါနပြုသူများအား ဘတ်(၇၀၀၀)ကျော် တန်ဖိုးရှိ အစားအစာများဖြင့် ဒါနပြုခဲ့သည့်အပြင် ပြီးခဲ့သည့် ရေဘေးထောက်ပံ့ရေး ခရီးစဉ်များတွင်လည်း ကျပ်သိန်း(၁၀၀)ကျော် အကုန်အကျခံကာ လှူဒါန်းထောက်ပံ့ပေးခဲ့ကြောင်း နှင့် နမ့်ဆန် နှင့် လပွတ္တာမီးဘေးသင့် ပြည်သူများအတွက်လည်း အလှူခံဌာနအား ၎င်းတို့၏ ဗယ်လင်တိုင်း (ကဖေးနှင့်အအေး) စားသောက်ဆိုင်၌ပင် ဖေဖော်ဝါရီလ(၁၂)ရက်နေ့အထိ ဖွင့်လှစ်ပေးသွားမှာ ဖြစ်ကြောင်း သိရသည်။


"အခု သွားရောက် လှူဒါန်းမဲ့ ထောက်ပံ့ပစ္စည်းတွေဟာ အသစ်တွေအများဆုံးပါပဲ၊ မီးဖိုချောင်းသုံး ပစ္စည်းတွေ၊ စားစရာတွေနဲ့ အ၀တ်အစားတွေ အမျိုးအမည် (၃၈)မျိုး ပါဝင်ပါတယ်၊ (၃၈)မျိုးထဲမှာ မိန်းကလေး အသုံးအဆောင်၊ ကလေးအသုံးအဆောင် နဲ့ အမျိုးသား အသုံးအဆောင်တွေ ပါပါတယ်"ဟု သွားရောက် ထောက်ပံ့လှူဒါန်းမည့် အဖွဲ့မှ ဦးစည်သူမောင်က ပြောသည်။


နမ့်ဆန်မီးဘေးသင့်ပြည်သူများအား ထောက်ပံ့လှူဒါန်းရန်အတွက် တာချီလိတ်စေတနာရှင်များကိုယ်စား ဦးအောင်ဖြိုးရှိန်၊ ဦးစ၀်စိုးလင်း နှင့် ကိုမင်းကိုတို့မှ မော်တော်ယာဉ်(၃)စီးဖြင့် တာချီလိတ်မှ ယနေ့ နံနက်(၁၀)နာရီတွင် ထွက်ခွာသွားခြင်း ဖြစ်သည်။


နမ့်ဆန်မီးဘေးသင့်ပြည်သူများအတွက် စေတနာရှင်များမှ လှူဒါန်းနေလျှက်ရှိရာ တာချီလိတ်မြို့ ပြည်သူ့နတ်နန်း(ပင်မ)ဗိမာန်တော်ကြီးထိန်းသိမ်းရေးကော်မတီမှ အလှူငွေ ကျပ်(၁၀)သိန်းတိတိကို ယနေ့ ဖေဖော်ဝါရီလ(၈)ရက်နေ့ နံနက်ပိုင်းမှာပင် ငွေတောင်ဦးကမ္မဋ္ဌာန်းကျောင်းတိုက် ဆရာတော်ထံ လှူဒါန်းခဲ့ကြောင်း သိရသည်။


နမ့်ဆန်မီးဘေးသင့် ပြည်သူများအတွက် ထောက်ပံ့လှူဒါန်းသည့် ပစ္စည်းအမျိုးအမည်မှာ (၃၈)မျိုးပါဝင်ပြီး ငွေတောင်ဦးကမ္မဋ္ဌာန်းကျောင်းတိုက်သို့ ထိုင်းနိုင်ငံမှ စေတနာရှင် အလှူရှင်များ၊ တာချီလိတ်မြို့နယ်နှင့် အနီးအနားရှိ မြို့တို့မှ စေတနာရှင်များမှ လာရောက်၍ လှူဒါန်းထားသော ပစ္စည်းများ အပါအ၀င် ဖြစ်ကြောင်း သိရသည်။


ပြီးခဲ့သည့် ၂၀၁၅ခုနှစ် သြဂုတ်လအတွင်းက မြန်မာပြည်တွင်း ဒေသအနှံ့အပြား၌ ရေကြီးရေလျှံမှုကြောင့် ရေဘေးသင့်ခဲ့ရသော ပြည်သူများအား တာချီလိတ်မြို့နယ် ပုန်းထွန်ရပ်ကွက် ငွေတောင်ဦး ကမ္မဋ္ဌာန်းကျောင်းတိုက်၊ ဦးစီးပဓာန နာယက မဟာဂန္ထ၀ါစကပဏ္ဍိတ၊ မဟာကမ္မဋ္ဌာနာစရိယ ဆရာတော်ဘုရားကြီး ဘဒ္ဒန္တ၀ိရောစန မှ ဦးစီးပြီး သီတာမြနန်း ကျောက်မျက်ကုမ္ပဏီ(၂)နှင့် တာချီလိတ်မြို့ ဗယ်လင်တိုင်း - နိုင်းနိုင်း (ကဖေးနှင့်အအေး)စားသောက်ဆိုင် မိသားစု နှင့် သူရိယသင်္ကန်းတိုက်တို့ စေတနာရှင်များ၏ လှူဒါန်းမှုဖြင့် သွားရောက်ကူညီထောက်ပံ့ခဲ့ပြီးကြောင်းနှင့် ယခုမီးဘေးသင့် ဒေသသို့လည်း ၎င်းတို့မှ စေတနာရှင်များ၏ စုပေါင်း ပါဝင်လှူဒါန်းမှုဖြင့် သွားရောက် ထောက်ပံ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  


~~~~~~~~~ ကြော်ငြာ ~~~~~~~~~





Viewing all articles
Browse latest Browse all 18345

Trending Articles