ဒီဇင်ဘာလ(၂၄)ရက်နေ့က ကမ္ဘာကျော်သွားခဲ့သော တရားစီရင်မှုတစ်ခုဖြစ်သည့် မြန်မာနိုင်ငံသား နှစ်ဦးအပေါ် သေဒဏ်ချမှတ်လိုက်သည့် ကိစ္စအား မြန်မာနိုင်ငံသားများမှ မကျေမနပ်ဖြစ်နေမှုများနှင့် ပတ်သက်၍ မြန်မာနိုင်ငံရှိ အခြားမြို့များတွင် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်မှုများ ပြုလုပ်လျှက်ရှိရာ ဒီဇင်ဘာလ(၂၆)ရက်နေ့တွင် တာချီလိတ်၌ ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်သွားမည်ဖြစ်ကြောင်း သိရသည်။
"ကျွန်တော်တို့ တာချီလိတ်ဒေသခံတွေ စုပေါင်းပြီး နံနက်(၉)နာရီခွဲ ရှမ်းရိုးမကွင်းထဲအရောက် စုပြီး၊ (၁၀)နာရီမှာ ရှမ်းရိုးမကွင်းကနေ အမှတ်(၁)ချစ်ကြည်ရေး တံတား အလယ်ထိ သွားပြီး ပိုစတာများကိုင်ပြီးတော့ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်သွားကြမှာဖြစ်ပါတယ်.."ဟု ဦးဆောင်သူများထဲက ဦးတင့်ဆွေမှ ပြောသည်။
ခွင့်ပြုချက်ရရှိရန်အတွက် သက်ဆိုင်ရာအား ငြိမ်းစုစီ စာကို တင်ထားပြီးဖြစ်ကြောင်းနှင့် စနစ်တကျ ဆန္ဒထုတ်ဖော်ရန်အတွက် စီစဉ်ထားကြောင်း ၎င်းမှ ဆိုသည်။
"ကျွန်တော်တို့ အနေနဲ့က မြန်မာနိုင်ငံသား နှစ်ဦးအပေါ် အခုလို ထိုင်းတရားရုံးက မတရားပြစ်ဒဏ် ချမှတ်လိုက်တာကို မခံနိုင်လို့၊ အဲ့ဒီအတွက် ဆန္ဒထုတ်ဖော်မှုမှာ ပါဝင်မှာဖြစ်ပါတယ်၊ ဆန္ဒထုတ်ဖော်တယ် ဆိုတာကလည်း ထိုင်းလူမျိုး၊ ထိုင်းနိုင်ငံကို မဟုတ်ဘူး၊ အဓိက သမာသမတ်မကျတဲ့ ထိုင်းတရား စီရင်ရေးကိုပေါ့.."ဟု ၀မ်ကောင်းရပ်ကွက်နေ ကိုထွန်းဦးက ဆိုသည်။
ဒီဇင်ဘာလ (၂၆)ရက်နေ့တွင် နံနက်(၉)နာရီခွဲ၌ ရှမ်းရိုးမကွင်းတွင် စုစည်းပြီး (၁၀)နာရီအချိန်မှာ ရှမ်းရိုးမကွင်းမှ ဗိုလ်ချုပ်လမ်းမတစ်လျှောက် ချစ်ကြည်ရေး အမှတ်(၁)တံတားအလယ်ထိ သွားရောက်ကာ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်မှာဖြစ်သည့်အတွက် ပါဝင်လိုသူများ အနေဖြင့် စည်းကမ်းရှိဖို့လိုမှာဖြစ်ကြောင်း ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်မည့် ဦးဆောင်သူများက အသိပေးလာသည်။
တောင်ကြီးမြို့တွင်လည်း ဒီဇင်ဘာလ(၂၅)ရက်အစား (၂၆)ရက်နေ့ နေ့လည်(၁)နာရီအချိန်တွင် အဆိုပါ ကိစ္စနှင့်ပတ်သက်၍ ဆန္ဒထုတ်ဖော်သွားမှာဖြစ်ကြောင်း သတင်းရရှိသည်။