မြန်မာတစ်နိုင်ငံလုံးတွင် ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် ယနေ့ မေလ(၂၅)ရက်နေ့မှ မေလ(၃၁)ရက်နေ့ အထိ ကျောင်းအပ်နှံမှုများ ပြုလုပ်လျှက်ရှိရာ မူလတန်းမှ အထက်တန်းအထိ ငွေကြေးတစ်ပြားမှ ကုန်ကျမရှိစေဘဲ ကျောင်းအပ်နှံနိုင်ပြီဖြစ်ကြောင်း ပညာရေးဌာနမှ သိရသည်။
မေလ(၂၅)ရက်နေ့မှ မေလ(၃၁)ရက်နေ့အတွင်း ကျောင်းအပ်လက်ခံချိန်များကို နံနက်(၉)နာရီမှ နေ့လည်(၁၂)နာရီအထိ နှင့် နေ့လည်(၁)နာရီမှ ညနေ(၃)နာရီအချိန်ထိ သတ်မှတ်ထားရှိပြီး TC နှင့် ပြောင်းလာသော ကျောင်းသားသစ်များကို မေလ(၂၉)ရက်နေ့မှသာ စတင် လက်ခံမှာဖြစ်ကြောင်း အ.ထ.က(တာချီလိတ်)၏ ကြော်ငြာထားချက်အရ သိရသည်။
သူငယ်တန်း ကျောင်းသားများ အပ်နှံရာတွင် မွေးဖွားစာရင်း မိတ္တူနှင့်မူရင်း၊ အိမ်ထောင်စုဇယား မိတ္တူနှင့်မူရင်း၊ မိဘမှတ်ပုံတင် မိတ္တူနှင့်မူရင်း နှင့် ရပ်ကွက်ထောက်ခံစာများ လိုအပ်ကြောင်း သိရသည်။
အခြေခံပညာအထက်တန်းကျောင်း (တာချီလိတ်)မှ ကျောင်းအုပ်ဆရာကြီး ဦးလှဝင်းက "ပုံနှိပ်စာအုပ်တွေကို သူငယ်တန်းကနေ ဆယ်တန်းအထိ အခမဲ့ရမှာပါ၊ ရေးစာအုပ် (၆)အုပ်စီကိုတော့ သူငယ်တန်းကနေ (၄)တန်းအထိရမယ်၊ စာအုပ်တွေကိုတော့ ကျောင်းဖွင့်ချိန်ကြမှပဲ ဝေပေးမှာပါ"ဟု တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
ကျောင်းအပ်ချိန်တွင် ငွေကြေးတစ်ပြားတစ်ချပ်မှ မကောက်ကြောင်း နှင့် သူငယ်တန်းမှ ဆယ်တန်းအထိကို အခမဲ့ဖြစ်ကြောင်း ၎င်းမှ ထပ်မံပြောပြသည်။
"ဒီနေ့ ကျောင်းစအပ်တဲ့နေ့ဆိုတော့ စောစောစီးစီး သွားအပ်တာ ဟိုးအရင်တွေလို ငွေကြေးတွေ ပေးရမယ်ထင်တယ်လို့ ဘတ်ငွေကနေတောင် ကျပ်ငွေလဲသွားလိုက်တယ်၊ ကျောင်းရောက်တော့ အခမဲ့ဆိုတော့ ကုန်ကျမှု သက်သာတဲ့အပြင် ငွေကြေးမတတ်နိုင်တဲ့ ကျောင်းသားမိဘတွေအတွက် များစွာ အဆင်ပြေစေပါတယ်..."ဟု ကျောင်းသားမိခင်တစ်ဦးမှ တာချီလိတ်သတင်းအေဂျင်စီသို့ ပြောပြသည်။
တာချီလိတ်မြို့ပေါ်ရပ်ကွက်များဖြစ်သည့် ပုန်းထွန်ရပ်ကွက်မှ ဆေခမ်းရပ်ကွက်အထိ အစိုးရစာသင်ကျောင်း (၈)ကျောင်း နှင့် ကိုယ်ပိုင်ကျောင်း(၂)ကျောင်းရှိရာ အစိုးရစာသင်ကျောင်းများတွင် ယနေ့ မေလ(၂၅)ရက်နေ့မှ စ၍ ကျောင်းအပ်နှံမှုများကို လက်ခံနေလျက်ရှိကြောင်း သိရသည်။

⊰❂ #TachileikNewsAgency#TachileikOnlineNewswww.tachileik.net ❂⊱
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~