နှစ်စဉ် အောက်တိုဘာလ(၁)ရက်နေ့တိုင်း ကျရောက်လေ့ရှိသည့် အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ အဖြစ် မြို့နယ်အသီးသီးတို့တွင် သက်ကြီးရွယ်အို အဘိုးအဘွားများအား အခမ်းအနားဖြင့် ပူဇော်ကန်တော့လေ့ရှိရာ တာချီလိတ်မြို့နယ်တွင်လည်း ယနေ့ ၂၀၁၄ခုနှစ် အောက်တိုဘာလ (၁)ရက်နေ့ နံနက်(၉)နာရီအချိန်တွင် မြို့နယ်ဓမ္မာရုံ၌ တာချီလိတ်မြို့ရှိ အသက်(၈၀)နှစ် အထက် သက်ကြီးရွယ်အို အဘိုးအဘွားများအား စုစုပေါင်း (၅၂)သိန်းကျော်ရှိ လှူဘွယ်ပစ္စည်းများနှင့် ငွေသားများဖြင့် ပူဇော်ကန်တော့ခဲ့ကြသည်။
အဆိုပါ အခမ်းအနားတွင် စစ်ဗျူဟာအဖွဲ့(အခြေချ) တာချီလိတ် စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ဇော်နိုင်ဦး၊ တာချီလိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ ဦးဆောင်သည့် ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ တာချီလိတ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း ဦးဆောင်သည့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ် အမျိုးသမီးရေးရာနှင့် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့များ၊ စီးပွားရေးလုပ်ငန်းရှင်များ စသည့် စေတနာရှင်များမှ တက်ရောက်၍ ပါဝင်ကုသိုလ်ယူကြသည်။
အခမ်းအနားတွင် တက်ရောက်ကန်တော့ခံသည့် တာချီလိတ်မြို့ဘိုးဘွားရိပ်သာမှ အဘိုးအဘွားများ အပါအ၀င် အဘိုး(၁၆)ဦးနှင့် အဘွား (၃၇)ဦး စုစုပေါင်း(၅၃)ဦးတို့အား ဆေးဝါးများ၊ စားသောက်စရာများ စသည့် လှူဘွယ်ပစ္စည်းများ နှင့် ငွေသားများ စသည်တို့ကို စေတနာရှင်များမှ လှူဒါန်းကြရာ စုစုပေါင်း တန်ဖိုးမှာ ကျပ်(၅၂)သိန်းကျော် တန်ဖိုးရှိကြောင်း သိရသည်။
ယင်းနောက် ကန်တော့ခံ အဘိုးအဘွားများအား နေ့လယ်စာများဖြင့် ရင်းနှီးပျူငှာစွာ ဧည့်ခံကျွေးမွေးကြပြီး ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်ပေးခဲ့ကြသည်။
ပြီးခဲ့သည့် ၂၀၁၃ခုနှစ် အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့တွင် ကန်တော့ခံ အဘိုးအဘွားများမှာ အဘိုး(၁၂)ဦး နဲ့ အဘွား(၂၃)ဦး စုစုပေါင်း (၃၅)ဦးရှိခဲ့ရာ ယခုနှစ်တွင် ကန်တော့ခံ အဘိုးအဘွားများမှာ (၅၃)ဦးရှိသည့်အတွက် တိုးပွားလာကြောင်း သိရှိရသည်။
ပုံများကိုကြည့်ရန်

78 photos
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
Facebook: www.fb.com/TachileikNews
Youtube: www.youtube.com/ TachileikNews
Email: tachileik@tachileik.net