Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

တာချီလိတ်မြို့မဈေးမှ (၆)မည်ရ ငွေလိမ်လည်သူ ဖမ်းမိပြီ

$
0
0
ဝေဖန်သံ ငြင်းခုန်သံ ရင်ဖွင့်သံ မျိုးစုံဖြင့် သပွတ်အူလိုက်နေသော တာချီလိတ်မြို့ မြို့မဈေးသစ် တည်ဆောက်ရေးလုပ်ငန်း၏ စိတ်ဝင်စားဖွယ်ကောင်းလှသော ဇာတ်လမ်းတွင် တစ်ထောင့်တစ်နေရာမှ ပုန်းလျှိုးကွယ်လျှိုးဖြင့်ပါဝင်ခဲ့သော ဇာတ်ကောင်တစ်ဦး၏ အမည်သတင်းက အင်တာနက် စာမျက်နှာများ ပေါ်တွင် ကာလအတိုင်း အတာတစ်ခုအထိ လှုပ်ခတ်သွားခဲ့ရာမှ အင်တာနက်၏ ကျေးဇူးကြောင့်ပင် ရာဇ၀တ်ဘေး ပြေးမလွတ်ဟူသည့် ဆိုရိုးစကားအတိုင်း မြေလည်းမလျှိုးနိုင်တော့ပဲ ဝေဟင်ခရီးမှ လေယာဉ်စီးကာ တာချီလိတ်မြို့မရဲတပ်ဖွဲ့စခန်းသို့ ဆိုက်ဆိုက်မြိုက်မြိုက်ကြီး ရောက်ရှိလို့လာခဲ့ချေပြီ။

သတင်းဆောင်းပါး။  ။ မောင်ယဉ်ကျေး

ဟိုးတချိန်တခါက နံနက်ဝေလီဝေလင်းချိန်ခါမှာ ထင်းရှူးဆီမီးတိုင် ၊ ဖယောင်းတိုင်မီး အလင်းရောင်တို့ဖြင့် ဒေသထွက်ကုန်လေးများ ရောင်းဝယ်ဖောက်ကားပြီး နေမြင့်လာသည်နှင့်အမျှ လူသူလေးပါး ကင်းရှင်း သွားပြီး ခြောက်သွေ့တိတ်ဆိတ်နေသော ၀မ်ကောင်းရပ်ကွက်ရှိ ဈေးကလေးသည် အနယ်နယ်အရပ်ရပ်မှ ရေကြည်ရာ မြက်နုရာပြောင်းရွှေ့နေထိုင်ကြသူတို့ဖြင့် တာချီလိတ်မြို့လေးမှသည် တာချီလိတ်မြို့ကြီး အဖြစ် ပြောင်းလဲလာမှုနှင့်အတူ တနေ့တာလုံး ရောင်းဝယ်ဖောက်ကားရာ မြို့မဈေးကြီးအဖြစ် ရေမြင့်လို့ ကြာလည်းမြင့်ခဲ့လေပြီ ။

ပြောင်းလဲတိုးတက်မှုနှင့်အတူ အိုမင်းခြင်းဇရာအသွင်ကို ဆောင်လာသည့် မြို့မဈေးကြီးအား အသစ်တစ်ဖန် ပြန်လည်တည်ဆောက်ဖို့ ၁၉၉၅ခုနှစ်လောက်ကပင် ကိုယ့်အားကိုယ်ကိုးစနစ် ၊ကန်ထရိုက်စနစ်တို့ဖြင့် တည်ဆောက်ဖို့ အမျိုးမျိုးကြိုးစားခဲ့ကြသည်။ ဆယ်စုနှစ် နှစ်ခုနီးပါးကြာမြင့်ခဲ့သည်အထိ အမျိုးမျိုးသော အကြောင်းတွေကြောင့် မတည်ဆောက်ဖြစ်ခဲ့သော်လည်း ၂၀၁၃ခုနှစ်တွင်တော့ ခေတ်မီဈေးသစ်ကြီး တည်ဆောက်ဖို့ တချို့ကလည်း သဘောတူခေါင်းညှိမ့် လက်ခံခဲ့သလို တချို့ကလည်း မလွဲမရှောင်သာ လက်ခံခဲ့ရသူတွေလည်း ဒုနဲ့ဒေးဆိုပေမယ့် ဈေးသစ်တည်ဆောက်ရေး စီမံကိန်းကြီးကတော့ တစစဖြင့် ရုပ်လုံးပေါ်လာခဲ့ပြီဖြစ်သည်။

ဈေးသစ်ကြီးတည်ဆောက်နေချိန်ဝယ် အင်ဂျင်နီယာတွေ ၊ ပန်းရံဆရာ လက်သမားဆရာတွေက ချွေးတစ်လုံးလုံးဖြင့် တည်ဆောက်နေသလို မိမိကိုယ်ကျိုးအတွက် ကျားချောင်းသလို ချောင်းနေသည့် ၀ိသမလောဘသား မသမာသူတစ်ဦးကလည်း အမဲကောင်ကိုချောင်းမြောင်းရင်း တစ်ကောင်ရလိုက် စားလိုက် နောက်တစ်ကောင်ရလိုက် စားလိုက်ဖြင့် လောဘအတော မသတ်ဖြစ်ခဲ့ရသည်။


လောကီလူသားတို့၏ သဘောသဘာဝအရ အတ္တကလေးတွေရှိကြသည်။ ဈေးသစ်ကြီးတည်ဆောက်ပြီးရင် နေရာကောင်းလေးရချင်သည်က ဈေးသည်အများစု၏ဆန္ဒ ၊ ဒီအချက်အသုံးချသွားသူကား.....

( ထက်အောင် (ခ) မြစိန်(ခ)
၆မည်ရလိမ်လည်သူ )

သူ့အမည်က ထက်အောင် ၊ တစ်နည်းအားဖြင့် ခြောက်မည်ရ ထက်အောင် ၊ အဘ ဦးရွှေသွင် (ကွယ်လွန်) အမိ ဒေါ်တင်ဥ တို့၏သား ထက်အောင် (၉/ပမန (နိုင်)......) ဟု ၎င်းနေ့စားဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်ရာ တာချီလိတ်မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနနှင့် တာချီလိတ်မြို့သူ မြို့သားများက သိရှိထားသော်လည်း နေရာဒေသ အသီးသီးတွင် မြစိန် ၊ သက်ဦး၊ လွင်ဦး ၊ မြစိုး ၊ မြမိုး ဟူသော အမည်အမျိုးမျိုးဖြင့် ကျင်လည်ကျက်စားခဲ့ဘူးသည်။

ဌာနယူနီဖောင်းကို မချွတ်တမ်းဝတ်ကာ ဆိုင်ကယ်တစ်စီးဖြင့် စမတ်ကျကျ သွားလာနေသော သူ့ကို ဌာနဆိုင်ရာ တာဝန်ရှိသူတစ်ဦး၏ တပည့်ရင်းဟု လူအများက ထင်မှတ် ယုံကြည်ထားကြသည်။ဒီတော့လည်း သူ၏ ``ဆိုင်ခန်းနေရာ ကောင်းရမယ် ၊ ပေါက်ဈေးထက် ထက်ဝက်မျှ သက်သာသောေ ဈးနှုန်းဖြင့် လူကြီးထံမှ ရအောင် ဆောင်ရွက်ပေးမည် `` ဟူသော သူ၏ သကာဖုံးထားသော မုသားစကားတွေကို လူအများက ယုံကြည်ခဲ့ကြသည်။ ဒါ့ကြောင့်လည်း အနည်းဆုံး ဘတ်ငွေ ငါးရာ ၊ တစ်ထောင်မှသည် သိန်းချီသော ငွေကြေးများကို ဌာနအမည် အလွဲသုံးပြီး ကိုယ်ကျိုးရှာခဲ့တော့သည်။

ရက်မှလသို့ ကြာမြင့်လာချိန်ဝယ် တယောက်စကား တယောက်နားဖြင့် ၎င်း၏မကောင်းသတင်းက တစစဖြင့်ပြန့်ပွားလာရာ အခြေအနေ မကောင်းတော့ပြီမို့ ရသမျှ အထုပ်ပိုက်ကာ ရှောင်လင်မင်းသားကြီး အဖြစ် ဇနီးသည်၏ ဇာတိဖြစ်သော ပဲခူးတိုင်းအတွင်းက မထင်မရှားမြို့လေးကို တိမ်းရှောင်ခဲ့တော့သည်။


သို့သော်လည်း လူမိုက်နှင့်ငွေအတူမနေလို့ဘဲဆိုရမလား ၊ သူခိုးရွှေရ တပြပြလို့ဘဲ သမုတ်ရမည်လားမသိ ၊ ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ်ထဲက မြို့လှဆိုသော တောမကမြို့မကျမြို့လေးတွင် အိမ်ကောင်း ကောင်းဆောက် ၊ ကားသစ်ကလေး တ၀ီဝီစီးနှင့်ဆိုတော့ ပတ်ဝန်းကျင်က သူ့ကို နည်းနည်း အာရုံစိုက်လာပြီ ၊ မျက်စိစပါးမွှေးစူးလို့လာနေပြီ ။

( သတင်းစာမှ )

သူက ဇိမ်ကျနေချိန်ဝယ် ပြသနာပေါင်းစုံဖြင့် ရှုပ်ထွေးနေသော မြို့မဈေး ဇာတ်လမ်းကြီး အတွက် ရတက်
မအေးနိုင်သူတို့၏ ရင်ဖွင့်သံတွေက အုပ်မနိုင်ဆည်းမရ ပွင့်အန်လာကာ သက်ဆိုင်ရာ တာဝန်ရှိသူတွေ ခမျာ သတင်းစာမှ ကြော်ငြာ ထည့်သွင်းရသည်အထိ ဆောင်ရွက် လာရတော့သည်။ တချို့ကလည်း မိမိတို့၏ ချွေးနည်းစာလေးအတွက် သက်ဆိုင်ရာရဲတပ်ဖွဲ့စခန်းမှာ အမှုဖွင့်ကြပြီ ၊ ခေတ်နှင့်အမီ ရင်ဘောင်တန်းနေသူ တချို့ကလည်း အင်တာနက်ကို အသုံးပြုကာ ဖေ့ဘွတ် စာမျက်နှာတွေပေါ် ရင်ဖွင့်ကြသည်။ ဖေ့ဘွတ်တို့၏ သဘော သဘာဝအတိုင်း မိနစ်ပိုင်း နာရီပိုင်းအတွင်း ဒီသတင်းက နေရာအနှံ့ ပျံ့နှံ့ သွားတော့သည်။

ဒီတော့ ဖေ့ဘွတ်မှရင်ဖွင့်သူထံ ဖေ့ဘွတ်မှပင် ပြန်လည်ဆက်သွယ်လိုက်ရာမှ တဖြေးဖြေး ကွင်းဆက်ကပေါ်လာကာ တာချီလိတ်မြို့မရဲစခန်း စခန်းမှူး ဒုတိယရဲမှူးကျော်သန်းနှင့် အချိတ်အဆက်ရသွားကာ ရရှိလာသော အခွင့်အရေးကို လက်လွတ်မခံဘဲ သားကောင်ကို မျက်ခြေမပြတ်စောင့်ကြည့်နေသော မုဆိုးကောင်းတို့သဖွယ် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များကလည်း ခြေသွက်လက်သွက်လှုပ်ရှားကြတော့သည်။

ပထ၀ီအနေအထားအရ မြို့လှနှင့်တာချီလိတ်ကား လွန်စွာမှပင်ဝေးကွာလှပါသည်။ သို့သော်လည်း တာချီလိတ်မြို့မစခန်းမှူး ဒုရဲမှူးကျော်သန်းဦးဆောင်သော ရဲတပ်ဖွဲ့ဝင်များ၏ မဆုတ်မနစ်သောလုံ့လ ၊ မြို့လှရဲတပ်ဖွဲ့စခန်း စခန်းမှူး ရဲအုပ်ဝင်းနိုင် နှင့်တပ်ဖွဲ့ဝင်များ၏ ပူးပေါင်းကူညီမှုဖြင့် (၆)မည်ရဘွဲ့ပိုင်ရှင် ထက်အောင်အားသြဂုတ်လ (၂၆) ရက် နံနက် ၂နာရီ အာရုဏ်မကျင်းမီအချိန်တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ဖမ်းဆီးရရှိလိုက်ပြီဖြစ်သည်။

မြို့လှစခန်းမှ ရဲတပ်ဖွဲ့ဝင်တို့က (၆)မည်ရဘွဲ့ရှင် ထက်အောင်အား ဖမ်းဆီးရရှိသည့်တိုင်သူက၀န်မခံသေး၊သူ၏ အမည်သည် ထက်အောင်မဟုတ် ၊ မြစိန်ဖြစ်သည်။ ထက်အောင်မှာ သူ၏ အစ်ကိုဖြစ်ပြီးသူနှင့် မည်သို့မှ မသက်ဆိုင်ကြောင်း ရုပ်တည်ကြီးနှင့် ငြင်းပြန်တော့ မြို့လှသားတွေ ခေါင်းရှုပ်ရပြန်ပြီ ၊ သို့သော်လည်း ၁၅မိနစ်ပင် မကြာလိုက်ပါ ၊ ထက်အောင်၏ ဓာတ်ပုံအား တာချီလိတ်ရဲတပ်ဖွဲ့မှ ခေတ်မီမီ ဗိုင်ဗာ Viber ဖြင့်လှမ်းပို့လိုက်တော့ သူ့ခမျာ ငြင်းမရရှာတော့ဘဲ ခေါင်းငိုက်စိုက်ဖြင့် ၀န်ခံလိုက်ရချေပြီ။

( မြို့လှမြို့ သို့ သွားရောက် ခေါ်ဆောင်လာသော 
တာချီလိတ်ရဲတပ်ဖွဲ့စခန်း မှ  ဒုရဲအုပ်နေမျိုး နှင့် တပ်သား ထွန်းလင်း)

ခြေမြန်လက်မြန်ရှိလှသော တာချီလိတ်ရဲတပ်ဖွဲ့စခန်းကလည်း သွက်လက် လျင်မြန်စွာပင် ထက်အောင်အား သွားရောက် လွှဲပြောင်းခေါ်ယူနိုင်ရေး အတွက် သြဂုတ်လ (၂၆)ရက်နေ့ နံနက် ၁၁နာရီခန့် ပျံသန်းထွက်ခွါမည့် လေယာဉ်ခရီးစဉ်ဖြင့် ဒုရဲအုပ်နေမျိုး နှင့် တပ်သား ထွန်းလင်းတို့အား စေလွှတ်လိုက်ပြီး မြို့လှရဲတပ်ဖွဲ့စခန်းတွင် လုပ်ထုံးလုပ်နည်းများနှင့် အညီ ထက်အောင်အား လွှဲပြောင်း လက်ခံရယူပြီး သြဂုတ်လ ၂၇ ရက် လေကြောင်းခရီးဖြင့် တာချီလိတ်ရဲတပ်ဖွဲ့စခန်းသို့ပြန်လည် ခေါ်ဆောင်ခဲ့ရာ မွန်းလွဲပိုင်းတွင် မြို့မရဲတပ်ဖွဲ့စခန်း၏ သံတိုင်များနောက်ကွယ်သို့ ရောက်ရှိသွားပြီဖြစ်သည်။

ယခုအခါမှာတော့ အများသူငှာ၏ ချွေးနည်းစာလေးအား ဌာနဆိုင်ရာကို ခုတုံးလုပ်ကာ ညှာတာ ထောက်ထားမှု မရှိဘဲ နည်းမျိုးစုံဖြင့် လိမ်လည်ခဲ့သူ (၆)မည်ရဘွဲ့ရှင် ထက်အောင် တစ်ယောက် တာချီလိတ်မြို့မ ရဲတပ်ဖွဲ့စခန်း၏ (ပ)၁၆၈/၁၄ ၊ ပြစ်မှုပုဒ်မ ၄၂၀ (လိမ်လည်မှု ) ၊ (ပ)၁၈၃/၁၄ ၊ ပြစ်မှုပုဒ်မ ၄၀၆ ( ယုံကြည် အပ်နှံမှုအား အလွဲသုံးမှု) တို့ဖြင့် ဥပဒေ၏ အဆုံးအမကို ခံယူနိုင်ရန် အတွက်သံတိုင်များ နောက်ကွယ်တွင် ခြောက်အိပ်မက်တို့ဖြင့် အိပ်မရသော ညများစွာကို ပိုင်ဆိုင်နေပြီဖြစ်ပေတော့သည် ........။
သတင်းဆောင်းပါး။   ။ မောင်ယဉ်ကျေး

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~

~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~


Viewing all articles
Browse latest Browse all 18345

Trending Articles


ဂျူးပင် စိုက်ပျိုးနည်း


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


အရက်ဖိုးတောင်းသည့် ခင်ပွန်းအား ဇနီးမှ ဓားဖြင့်ထိုး၍ တောင်ကြီး၌ လူသတ်မှုဖြစ်ပွား


အလောင်းမင်းတရားမှ ဟံသာဝတီပဲခူးကို သိမ်းပိုက်နိုင်ခြင်း


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ဒွေး တိမ်တွေ ငိုတဲ့ခဏ ၊ ဒွေး ၊ နန္ဒာလှိုင် ၊ တင့်တင့်ထွန်း ၊ အောင်လွင် ၊ ဆင်မ


သာကူ⁠ပြင် ⁠ပြုလုပ်နည်း


ဒေါ်နယ်ထရန့် အိမ်တော် (သို့မဟုတ်) အိမ်ဖြူတော်ရဲ့ ထူးခြားချက်များ



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>