တာချီလိတ်မြို့တွင် သံဖြတ်ကတ်ကြေးသယ်ဆောင်လာသူအား မသင်္ကာ၍ စစ်ဆေးမှုများပြုလုပ်ရာမှ ဆိုင်ကယ်(၄)စီး ခိုးယူခဲ့ကြောင်း ပေါ်ပေါက်သည့်အတွက် တစ်မှုလျှင် ထောင်ဒဏ် (၅)နှစ်စီဖြင့် စုစုပေါင်း ထောင်ဒဏ် အနှစ်(၂၀) ချမှတ်လိုက်ကြောင်း သိရသည်။
ဖြစ်ပွားပုံမှာ ပြီးခဲ့သော ဇူလိုင်လ (၃၀)ရက်နေ့ နံနက် (၆) နာရီအချိန်ခန့်က တာချီလိတ်မြို့မရဲစခန်းမှ နယ်ထိန်းတပ်ကြပ်ကြီး ကျော်စွာအောင်နှင့် နယ်ထိန်းတပ်ကြပ် ကျော်လင်းတို့သည် ပြည်သူ့စစ် တပ်ဖွဲ့ဝင်များနှင့် အတူ နယ်မြေသတင်း စုံစမ်းရန်နှင့် လှည့်ကင်းတာဝန် ထမ်းဆောင်နေစဉ် ဆန်ဆိုင်း(ခ)ရပ်ကွက် ဂေါက်ကွင်းလမ်းတွင် အမျိုးသားတစ်ဦးသည် အလျားလက်မ(၃၀)ခန့်ရှိ All Ways တံဆိပ်ပါ သံဖြတ်ကတ်ကြေး အ၀ါရောင်တစ်လက်အား ထမ်းယူလာသည်ကို မသင်္ကာဖွယ် တွေ့ရှိရကြောင်း သိရသည်။
ထိုသို့ မသင်္ကာဖွယ်တွေ့ရှိရသည့်အတွက် သက်သေများရှေ့တွင် ရှာဖွေစစ်ဆေးရာ ၀က်အူလှည့် ဆိုဒ်စုံ(၃)ချောင်း ၊ လက်ကိုင် သံဖြတ်လွှတစ်ချောင်း ၊ လက်နှိပ်ဓာတ်မီးတစ်လက် ၊ ဆိုင်ကယ်ဆော့ကတ် (၃)ခုတို့အား ရှာဖွေရရှိသည့်အတွက် ယင်းပစ္စည်းများနှင့် ပတ်သက်ပြီး စုံစမ်းဖော် ထုတ်ရာမှ ဆိုင်ကယ် (၄)စီးခိုးယူခဲ့ကြောင်း စစ်ဆေးဖော်ထုတ်နိုင်ခဲ့သည့် အတွက် ခိုင်မာစွာ အမှုတည်ဆောက်ပြီး တာချီလိတ်မြို့နယ် တရားရုံးသို့ (ပ) ၁၆၂/ ၁၆ ၊ ပြစ်မှုပုဒ်မ ၃၈၀ ၊ ကျင့်၅၄ ဖြင့် တရားစွဲတင်ပို့ခဲ့ရာ မြို့နယ်တရားရုံးမှ တရားခံ ငရဲ (ခ) ရဲဇော်အား သြဂုတ် (၂၆ )ရက်နေ့တွင် တစ်မှုလျှင် ထောင်ဒဏ် (၅) နှစ်စီဖြင့် စုစုပေါင်း ထောင်ဒဏ် နှစ် ၂၀ ချမှတ်ခဲ့ကြောင်း သတင်းရရှိသည်။
ဖော်ထုတ်ရမိသော ဆိုင်ကယ်(၄)စီးအား မူလပိုင်ရှင်များထံ ပြန်လည်ပေးအပ်ပြီးဖြစ်ကြောင်း တာချီလိတ်မြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူးကျော်သန်း၏ ပြောကြားချက်အရ သိရှိရသည်။

သတင်း။ ။ မောင်ယဉ်ကျေး
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
we b: www.tachileik.net
Facebook: www.fb.com/TachileikNews
Youtube: www.youtube.com/ TachileikNews
Email: tachileik@tachileik.net