တာချီလိတ်မြို့နယ်၏ ပထမဦးဆုံးသော (၂၄)နာရီ ကျန်းမာရေးဝန်ဆောင်မှုအဖြစ် တာချီလိတ်မြို့၊ မကာဟိုခမ်းရပ်ကွက်၊ မဟာမြတ်မုနိဘုရားကြီးကျောင်း မြောက်ဘက်မုခ်ဦး အနီး၌ ဖွင့်လှစ်ထားသည့် "အဆွေတော်မိသားစု (၂၄)နာရီ အထူးကုဆေးခန်း"မှ နဂါးနှစ်ကောင်ဆရာတော်ဘုရားကြီးမှ ဦးဆောင်၍ ဖွင့်လှစ်ထားသော တာချီလိတ်မြို့ ဘိုးဘွားရိပ်သာမှ ဘိုးဘွားများအား ကုသိုလ်ပြု(ပြင်ပလူနာ)အဖြစ် အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်ပေးသွားမှာ ဖြစ်ကြောင်း သိရသည်။
"အဆွေတော်မိသားစု (၂၄)နာရီ အထူးကုဆေးခန်း"သည် (၂၄)နာရီ ကျန်းမာရေး ၀န်ဆောင်မှုအား ပုဂ္ဂလိကအကျိုးစီးပွားအဖြစ် လုပ်ကိုင်လျှက်ရှိသော်လည်း တစ်ဖက်တစ်လမ်းမှ ရဟန်းသံဃာများနှင့် ဘာသာခြား သာသနာပြု ပုဂ္ဂိုလ်များအတွက် ရာသက်ပန် ဇီဝိတဒါန အခမဲ့ ကုသပေးနေသလို ယခုလည်း ကျန်းမာရေးစောင့်ရှောက်မှု အစီအစဉ်သစ် တစ်ရပ်အနေဖြင့် တာချီလိတ်မြို့ ဘိုးဘွားရိပ်သာမှ ဘိုးဘွားများအနေဖြင့် နာမကျန်းဖြစ်လာပါက ဆေးဝါးကုသမှုများ နှင့် ကျန်းမာရေးစစ်ဆေးမှုများ လိုအပ်လာပါလျှင် အဆိုပါ အထူးကုဆေးခန်းမှ ကုသိုလ်ပြုအဖြစ် အခမဲ့ ကုသပေးသွားမှာ ဖြစ်ကြောင်း သိရသည်။
အဆွေတော်မိသားစု (၂၄)နာရီ အထူးကု ဆေးခန်းတွင် နား၊ နှာခေါင်း၊ လည်ချောင်း၊ နှလုံး၊ အရိုးအကြော၊ သားဖွား နှင့် အထွေထွေရောဂါများအား အထူးကု ဆရာဝန်ကြီးများဖြင့် ကုသပေးလျှက်ရှိရာ လူနာများအတွက် အဆင်ပြေချောမွေ့စေရန် နှင့် စိတ်ကျေနပ်မှု ရှိစေရန်အတွက် ကျန်းမာရေး စောင့်ရှောက်မှုပေးနေသော တာချီလိတ်မြို့၏ ပထမဦးဆုံး (၂၄)နာရီ အဆင့်မြင့် အထူးကုဆေးခန်းဖြစ်ပြီး အဆိုပါ ဆေးခန်းအား တာချီလိတ်မြို့၊ မဟာမြတ်မုနိ ဘုရားကြီးကျောင်းတိုက် မြောက်ဘက်မုခ်ဦးအနီး၊ မဟာဗောဓိကုန်းနှင့် ရွှေတိဂုံအတက်လမ်း မကာဟိုခမ်းရပ်ကွက်မှာ ဖွင့်လှစ်ထားကြောင်း သိရှိရပါသည်။

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
web: www.tachileik.net
Facebook: www.fb.com/TachileikNews
Youtube: www.youtube.com/ TachileikNews
Email: tachileik@tachileik.net