ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဖြတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်၊ နမ့်ပန်ကျေးရွာအုပ်စု၊ နမ့်ဝိုးထောင်ကျေးရွာတွင် ဇန်န၀ါရီလ (၂)ရက်နေ့ ညပိုင်းက လူနေအိမ်ခြေများ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ရာမှ အိမ်ခြေ (၃၈)အိမ်ရှိသည့်အနက် (၂၃)အိမ် မီးလောင်ပြာကျသွားခဲ့ရာ ယခုအခါမှာ ရှမ်းပြည်နယ် အစိုးရအဖွဲ့နှင့် မိုင်းဖြတ်မှ ဒေသဆိုင်ရာ အုပ်ချုပ်ရေးများ အလှူရှင်များအပြင် တာချီလိတ်မြို့မှ မဇ္ဈိမလူမှုကူညီရေးအသင်းမှလည်း အများမှ လှူဒါန်းထားသော ဆိုင်းငံ့ဝတ်စုံ အထည်(၁၀၀၀)အား သွားရောက် ကူညီပံ့ပိုး လှူဒါန်းခဲ့ကြောင်း သိရသည်။
မီးလောင်မှုဖြစ်ပွားသည့် အချိန်တွင် မီးအားငြိမ်းသတ်ရန်အတွက် တောင်ကျရေများရှိသော်လည်း ရေပုံးရေခွက် လုံလောက်မှု မရှိသည့်အပြင် သက်ကယ်၏ မီးလောင်အားကြောင့်လည်း ဖြစ်ဖြစ်ခြင်း အလျင်အမြန် မငြိမ်းသတ်နိုင်တာဖြစ်ကြောင်း သိရသည်။
"သူတို့ အခုလိုအပ်နေတာတွေက ၁လက်မ ၂လက်မ ရေပိုက်အပြာ အချောင်း(၅၀)လောက်နဲ့၊ ဓါး၊ ပုဆိန်၊ မီးခြစ်၊ ရေပုံး၊ ရေခွက် အဲ့ဒါတွေ လိုနေကြတယ်၊ လာမဲ့ (၁၀)ရက်နေ့လောက် အစ်ကိုတို့ သွားရောက် လှူဒါန်းပေးဖို့ အစီအစဉ်ရှိတယ်။"ဟု အ၀တ်အထည် အထည်(၁၀၀၀)အား သွားရောက်လှူဒါန်းကြသည့် မဇ္ဈိမလူမှုကူညီရေးအသင်းမှ ဥက္ကဌဖြစ်သူ ဦးတင့်ဆွေက တာချီလိတ်အွန်လိုင်းသို့ ပြောပြသည်။
၎င်းမှ ဆက်လက်၍ "အဓိက ကတော့ မဇ္ဈိမလူမှုကူညီရေးအသင်းက ဆိုင်းငံ့ဝတ်စုံတွေကို လုံးဝ ၀တ်စရာ မကျန်တော့တဲ့ အဲ့ဒီရွာလေးထဲက ရွာသူ၊ ရွာသားတွေကို ပြန်လည်လှူဒါန်းပေးဖြစ်တယ်၊ ၀တ်စုံတွေနဲ့ ပတ်သက်ပြီး အဲ့ဒီက လူတွေက အထည် (၁၀၀၀)ဆိုတော့ ငွေအားဖြင့် တန်ဖိုးဘယ်လောက်ရှိလည်းလို့ မေးကြတယ်၊ အစ်ကိုလည်း ကျွန်တော်တို့က မြို့သူ၊ မြို့သားတွေကနေ အလှူခံထားတာပါ၊ သူတို့ မ၀တ်တော့တဲ့ အ၀တ်တွေပါသလို အသစ်တွေလည်း ပါတဲ့အကြောင်းနဲ့ လုံးဝတန်ဖိုးဖြတ်လို့မရတဲ့ အကြောင်းကိုလည်း ပြောပြခဲ့ပါတယ်၊ အခုလို အသင်းက ဆိုင်းငံ့ဝတ်စုံ ကဏ္ဍလေးကို အကောင်အထည်ဖော်လိုက်တော့ အ၀တ်အထည် လှူဒါန်းတဲ့ လူတွေလည်း ကုသိုလ်အများကြီးရတာပေါ့၊ မီးဘေးသင့် ပြည်သူတွေနဲ့ ပတ်သက်လို့ အသင်းကနေ မြ၀တီမီးဘေး နဲ့ အခု မိုင်းဖြတ်မီးဘေး မှာလည်း လှူဒါန်းပေးဖြစ်ခဲ့ပါပြီ"ဟု ပြောပြသည်။
မိုင်းဖြတ်မှ မီးဘေးသင့် ရွာသူရွာသားများအား ရှမ်းပြည်နယ်အစိုးရ အဖွဲ့နှင့် ဒေသဆိုင်ရာ အုပ်ချုပ်ရေး အကြီးအကဲများ အပါအ၀င် လွှတ်တော်ကိုယ်စားလှယ်များ၊ အလှူရှင်များမှ ပြီးခဲ့သည့် ရက်က စုစုပေါင်း တန်ဖိုး ကျပ်သိန်း(၉၀)၀န်းကျင်ရှိသည့် အသုံးအဆောင်များကို ထောက်ပံ့ လှူဒါန်းခဲ့ကြောင်း နှင့် လက်ရှိတွင် ၎င်းတို့အတွက် တဲများ ပြန်ဆောက်ရန်အတွက် လိုအပ်နေပြီး ရေရရှိရေးအတွက် ရေပိုက်များ၊ ရေပုံး၊ ရေခွက် နှင့် အိုးခွက်များ လိုအပ်နေကြောင်းလည်း သိရှိရသည်။
ပုံများကိုကြည့်ရန်
မီးလောင်မှုဖြစ်ပွားသည့် အချိန်တွင် မီးအားငြိမ်းသတ်ရန်အတွက် တောင်ကျရေများရှိသော်လည်း ရေပုံးရေခွက် လုံလောက်မှု မရှိသည့်အပြင် သက်ကယ်၏ မီးလောင်အားကြောင့်လည်း ဖြစ်ဖြစ်ခြင်း အလျင်အမြန် မငြိမ်းသတ်နိုင်တာဖြစ်ကြောင်း သိရသည်။
{ မှတ်တမ်းဗီဒီယို}
ပုံများကိုကြည့်ရန်
86 photos
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
web: www.tachileik.net
Facebook: www.fb.com/TachileikNews
Youtube: www.youtube.com/ TachileikNews
Email: tachileik@tachileik.net