မီးဘေးသင့်ပြည်သူများအား ပြန်လည်ထူထောင်ရေးတွင် ကူညီပေးနိုင်ရန် တာချီလိတ်စေတနာရှင်များ ကိုယ်စား အနန္တဂုဏ်ရည်ပရဟိတအဖွဲ့မှ အလှူငွေကောက်ခံလျှက်ရှိရာ ဖေဖော်ဝါရီလ (၁၇)ရက်နေ့ နံနက်ပိုင်းက ရွှေဘူးသီးဟိုတယ်ဝန်ထမ်းများမှ စုပေါင်း၍ ကျပ်(၃၃)သိန်း လာရောက်လှူဒါန်းကြောင်း သိရသည်။
ရွှေဘူးသီးဟိုတယ်တွင်ရှိသော ၀န်ထမ်း (၁၀၀)ကျော်က အလှူငွေများစုပေါင်းကာ လှူဒါန်းရာ ကျပ်(၂၃)သိန်းရရှိပြီး ဟိုတယ်ပိုင်ရှင် မိသားစုမှ ကျပ်(၁၀)သိန်း ပါဝင်လှူဒါန်းခဲ့ရာ စုစုပေါင်း ကျပ်(၃၃)သိန်းကို မီးဘေးသင့်ပြည်သူများ၏ ပြန်လည်ထူထောင်ရေးအတွက် လှူဒါန်းခဲ့ကြောင်း သိရသည်။
ဖေဖော်ဝါရီလ (၈)ရက်နေ့က အနန္တဂုဏ်ရည်ပရဟိတအဖွဲ့မှ တာချီလိတ်စေတနာရှင်များ ကိုယ်စားပြုကာ တာချီလိတ်မြို့ ငွေတောင်ဦးကမ္မဋ္ဌာန်းကျောင်းတိုက် ဆရာတော်ဦးစီးပြီး နမ့်ဆန်မြို့ မီးဘေးသင့်ပြည်သူ(၂၀၀၀)ခန့်အား ကျပ်သိန်း (၄၀၀)ကျော်တန်ဖိုးရှိ အ၀တ်အစားများနှင့် အိမ်အသုံးဆောင်ပစ္စည်းများကို လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
ယင်းအဖွဲ့မှ ဖေဖော်ဝါရီလ (၈)ရက်နေ့မှစ၍ အလှူငွေကောက်ခံလျှက်ရှိရာ ဖေဖော်ဝါရီလ (၁၇)ရက်အထိ အလှူငွေရရှိငွေ ကျပ်(၄,၀၇၈,၅၀၀) နှင့် ထိုင်းဘတ်(၃၃,၇၂၉) ရရှိပြီဖြစ်ကြောင်း အနန္တဂုဏ်ရည်ပရဟိတ အဖွဲ့မှ သိရသည်။