"လိုင်စင်တွေကို စည်းကမ်းနဲ့မညီဘဲ ဆောင်ရွက်တာတွေကိုတွေ့ရှိခဲ့ရင် စည်းကမ်းချက်အတိုင်း ကျပ်ငါးထောင်ကနေ ကျပ်တစ်သိန်းအထိ ဒဏ်ငွေရိုက်မှာဖြစ်ပြီး အပြစ်ကြီးရင်တော့ လိုင်စင်ကို ပြန်လည် သိမ်းဆည်းမှာဖြစ်ပါတယ်။ ပြီးရင်တော့ နောက်လူအသစ်ကို ပြန်လည်ရောင်းချသွားမှာပါ။"ဟု တာချီလိတ်မြို့နယ်စည်ပင်သာယာရေးဌာနမှ ဒုဦးစီးမှူး(အခွန်) ဒေါ်နွဲ့ယဉ်ဝင်းက ပြောသည်။
တာချီလိတ်မြို့၏ ဒုတိယအကြိမ်လေလံရောင်းချရာတွင် ကြမ်းခင်းဈေး ကျပ်(၁၂)သိန်းရှိ တာလော့ဈေး ရေအိမ်လိုင်စင်အား ကျပ်(၁၅)သိန်းဖြင့် လည်းကောင်း၊ ကြမ်းခင်းဈေး ကျပ်(၉၀၃)သိန်းရှိ တာလော့ပျံကျဈေးကောက်အား ကျပ်(၉၀၉)သိန်းဖြင့် လည်းကောင်း၊ ကြမ်းခင်းဈေး ကျပ်(၂၁)သိန်းရှိ တာလော့ဈေးယာဉ်စောင့်အား ကျပ်(၂၃)သိန်းဖြင့် လည်းကောင်း စသည်တို့ကို ဦးအားဝေ + ဒေါ်လေးမေယော် တို့မှ လေလံဆွဲဝယ်ယူသွားခြင်းဖြစ်သည်။
သက်တမ်းတိုး လေလံဆွဲဝယ်ခွင့်တွင် ကြမ်းခင်းဈေးကျပ်(၁၂၀)သိန်းရှိ မိုင်းဆတ်မြို့ဝင်ကြေး ဘီးကောက်လိုင်စင်အား ကျပ်(၁၂၅)သိန်း နှင့် ကြမ်းခင်းဈေးကျပ်(၃၇၈)သိန်းရှိ တာချီလိတ်မြို့ဝင်ကြေး ဘီးကောက်လိုင်စင်အား ကျပ်(၃၈၂)သိန်းဖြင့် အဆိုပါ လုပ်ငန်း(၂)ခုအား ဦးစိုင်းသိန်းကြွယ်(သော်တာဝင်းကုမ္ပဏီ)မှ လေလံ ဆွဲသွားခဲ့ပြီး ကြမ်းခင်းဈေး(၃၀၄.၅)သိန်းရှိ မြို့မဈေးပျံကျ ဈေးကောက်လိုင်စင်အား ကျပ်(၃၀၉)သိန်းနှင့် ကြမ်းခင်းဈေး (၃၀)သိန်းရှိ မြို့မဈေးရေအိမ်လိုင်စင်အား ကျပ်(၃၂)သိန်းဖြင့် မင်းခေတ်သစ်ကုမ္ပဏီမှ လေလံဆွဲသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
၂၀၁၆ - ၂၀၁၇ခုနှစ် ဘဏ္ဍာရေးနှစ်အတွက် အရပ်ရပ်အခွင့်ရေးဆိုင်ရာ လိုင်စင် တတိယအကြိမ် လေလံရောင်းချမည့် ကြမ်းခင်းဈေး ကျပ်သိန်း(၃၁၀၂.၈)ရှိ ချစ်ကြည်ရေးတံတား(၁)(၂) ဘီးကောက်လိုင်စင်အား ဖေဖော်ဝါရီလ (၂၃)ရက်တွင် ဆက်လက်ရောင်းချသွားမည်ဖြစ်ကြောင်း တာချီလိတ်မြို့နယ်စည်ပင်သာယာရေး ကော်မတီမှ သိရသည်။