ထိုင်းနှင့် အိမ်နီးချင်း အာဆီယံအဖွဲ့ဝင် နိုင်ငံများအကြား ဆက်ဆံရေး အထောက်အကူဖြစ်ရေး နိုင်ငံဖြတ်ကျော် စက်ဘီးစီး အစီအစဉ်အရ မြန်မာနိုင်ငံ တာချီလိတ်မြို့နှင့် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့များကို ဖြတ်သန်း၍ စက်ဘီးစီးသည့် အစီအစဉ်ကို ဒီဇင်ဘာလ(၂၀)ရက်တွင် ကျင်းပသည်။
ASEAN ON TOUR 2015-BIKE FOR FUN,RIDE FOR FRIENDS အမည်ဖြင့် လုပ်ဆောင်သည့် အဆိုပါ စက်ဘီးစီး အစီအစဉ်တွင် ထိုင်းနိုင်ငံမှ စက်ဘီးစီးသမား(၃၂၀)နှင့် ရှမ်းပြည်နယ်အရှေ့ပိုင်း စက်ဘီးစီး အဖွဲ့မှ စက်ဘီးသမား(၃၀)၊ နှစ်နိုင်ငံ ဌာနဆိုင်ရာ အကြီးအကဲ(၁၀၀)ခန့် စုစုပေါင်း စက်ဘီး အစီးရေ(၄၅၀)ခန့် ပါဝင်ကြောင်းသိရသည်။
"အဓိကတော့ နှစ်နိုင်ငံချစ်ကြည်ရေးအတွက် စက်ဘီးစီးကြတာပါ။ နှစ်နိုင်ငံလုံးက ဌာနဆိုင်ရာ အကြီးအကဲတွေ ပါတယ်။ မယ်ဆိုင်ကနေ ချစ်ကြည်ရေး တံတားအမှတ်(၁)ဖြတ်ပြီး တာချီလိတ်၊ ရွှေတိဂုံဘုရားပေါ်ကို စက်ဘီးစီးတာပါ.."ဟု တာချီလိတ် ရှမ်းအရှေ့ စက်ဘီးအသင်းမှ ဦးစိုင်းလုံးဟောင်က ပြောသည်။
ထိုင်းနိုင်ငံမှ စက်ဘီးသမားများအဖွဲ့က တာချီလိတ်ခရိုင်တွင်း ပညာရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန် ပညာရေးဦးစီးဌာနသို့ ဘတ်(၅)သောင်း(ကျပ် ၁၃ သိန်းဝန်းကျင်) လှူဒါန်းခဲ့ပြီး ရွှေတိဂုံဘုရားတွင် စုပေါင်းမှတ်တမ်း ဓါတ်ပုံရိုက်ကာ ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့သို့ ပြန်လည်ထွက်ခွာ သွားခဲ့ကြောင်း သိရသည်။
အဆိုပါ အစီအစဉ်အား ထိုင်းနိုင်ငံ ခရီးသွားလုပ်ငန်းနှင့် အားကစားရေးရာဝန်ကြီးဌာနက ချင်းရိုင်းခရိုင်နှင့် ပူးပေါင်း၍ အာဆီယံလှုပ်ရှားမှု စီမံချက်အရ ထိုင်းနိုင်ငံနှင့် အိမ်နီးချင်း အာဆီယံအဖွဲ့ဝင် နိုင်ငံများအကြား အပြန်အလှန် ဆက်ဆံရေး၊ စီးပွားရေး၊ လူမှုရေးနှင့် ခရီးသွားလုပ်ငန်းကဏ္ဍများတွင် အထောက်အကူ ဖြစ်စေရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း သိရသည်။
ဖွင့်ပွဲအခမ်းအနားအား ထိုင်းနိုင်ငံ မယ်ဆိုင်မြို့တွင် ကျင်းပခြင်းဖြစ်ပြီး ဖွင့်ပွဲသို့ ထိုင်းနိုင်ငံ ခရီးသွား လုပ်ငန်းနှင့် အားကစားရေးရာ ဝန်ကြီးဌာန ဒုတိယအတွင်းဝန် နန်းဆောင်ဝမ်းဆီရီ မိုးရားကူးလ်နှင့် မြန်မာနိုင်ငံမှ တာချီလိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ နှင့် တာဝန်ရှိသူများ တက်ရောက်ကြောင်း မြန်မာ - ထိုင်း နယ်ခြားကော်မတီ(TBC)မှ သိရသည်။