Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

တာချီလိတ်မြို့တွင် အအေးပိုလာ၍ အဆုတ်ရောင်နှင့် တုပ်ကွေး သတိရှိရန် ဆရာဝန်များ တိုက်တွန်း

$
0
0
ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့တွင် ယခုရက်ပိုင်းအတွင်း အအေးပိုနေသဖြင့် (Virus)ဗိုင်းရပ်(စ်)ကြောင့် ဖြစ်ပွားတတ်သော အဆုတ်ရောင်ရောဂါနှင့် တုပ်ကွေးရောဂါများ ဖြစ်ပွားတတ်သဖြင့် သတိရှိရန် ဆရာဝန်များက သတိပေးလိုက်သည်။


တာချီလိတ်မြို့တွင် ဒီဇင်ဘာလ (၁၅)ရက်နေ့မှ စတင်၍ အပူချိန် (၂၀)ဒီဂရီ စင်တီဂရိတ်ရှိရာမှ ဒီဇင်ဘာ(၁၇)ရက်နေ့ညပိုင်းတွင် (၁၇)ဒီဂရီ စင်တီဂရိတ်သို့ ကျဆင်းလာကြောင်း ဒေသခံများထံမှ သိရသည်။

"ဒီလိုအေးတဲ့ ရာသီမှာဆို ကလေးမပြောနဲ့ လူကြီးတောင် အဆုတ်ရောင်ရောဂါနဲ့ တုပ်ကွေးလို နမိုးနီးယားလိုမျိုး ရောဂါတွေဖြစ်တတ်တယ်။ အဓိက ကတော့ အအေးမိလို့ဖြစ်တာ။ ဒါကြောင့် အအေး မမိဖို့လိုတယ်.."ဟု အောင် ဆေးခန်းပိုင်ရှင် ဒေါက်တာမြင့်အောင်က ပြောသည်။

နှစ်စဉ်နှစ်တိုင်း အအေးပိုလာတတ်သည့် ဒီဇင်ဘာလအတွင်း တာချီလိတ်မြို့နှင့် အိမ်နီးချင်း ထိုင်းနိုင်ငံ၌ Virus(ဗိုင်းရပ်(စ်))ကြောင့် ရောဂါများ မဖြစ်ပွားရန် ကာကွယ်ဆေးများ ထိုးပေးနေသော်လည်း မြန်မာနိုင်ငံတွင် ယင်းကဲ့သို့ အစီအစဉ် မရှိသေးသဖြင့် သတိထားကြရန်လိုအပ်ပြီး တာချီလိတ်မြို့ရှိ ဆေးခန်းများတွင် ရာသီဥတု ပြောင်းလဲမှုကြောင့် ဖျားနာသည့် ကလေးလူနာများ ယခုရက်ပိုင်းအတွင်း များလာကြောင်း တာချီလိတ်မြို့ပေါ်ရှိ ဆရာဝန်များထံမှ သိရသည်။

"အဆုတ်လေပြွန်ရောင်လို့ လာပြတဲ့ ကလေးတွေနဲ့ အစားမှားပြီး အထက်လှန် အောက်လျှော ဖြစ်တာတွေ ရှိတယ်။ အဓိက အဖြစ်များတာကတော့ ရာသီဥတု အပြောင်းအလဲကြောင့် အအေးမိ ချောင်းဆိုး ဖျားနာတာတွေ များတယ်.."ဟု ငွေကြယ်စင် ဆေးခန်းမှ ဒေါက်တာပြည့်မြင့်မြတ်က ဆိုသည်။

"ရာသီအပြောင်းအလဲမှာ အိမ်က သမီးနှစ်ယောက်လည်း ဖျားတယ်၊ အအေးမိတာထင်တယ်၊ တစ်ယောက်ကို (၃/၄)ရက်လောက် ဖျားတာ၊ ဆေးခန်းသွားပြတော့လည်း လူနာတွေက ကလေးငယ်လေးတွေဖြစ်နေတယ်၊ ဒီလို အချိန်မှာ ကလေးငယ်တွေအတွက် ဂရုစိုက်ဖို့လိုပါတယ်၊ နည်းနည်း ဖြစ်တာနဲ့ ဆေးခန်းပြမှ ကောင်းမှာ.."ဟု မိခင်တစ်ဦးဖြစ်သူ ဒေါ်သီသီမှ ပြောသည်။

ရာသီဥတု အအေးပိုလာချိန်တွင် အအေးမမိရန်နှင့် ကိုယ်ခံအားစနစ် ကောင်းမွန်ရန် အရေးကြီးပြီး ကိုယ်ခံအားစနစ် ကောင်းမွန်ရန် အတွက် အစားအသောက်ပုံမှန် စားသောက်ခြင်း၊ အိပ်ရေးမပျက်ရန် ဂရုစိုက်ခြင်းတို့ လုပ်ဆောင်ရန်လိုသည်ဟု ဆရာဝန်များက အကြံပြုထားသည်။

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  

~~~~~~ ကြော်ငြာ ~~~~~~



Viewing all articles
Browse latest Browse all 18345

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>