Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

ကျိုင်းတုံမြို့မှ မူလကမ္ဘာအေးစေတီ ခေါ် ဓါတ်စွမ်လွဲစေတီ ( ဆောင်းပါး )

$
0
0
ကျိုင်းတုံမြို့ကို တစ်ခါတစ်ခေါက် လာရောက်ကြသည့် ဧည့်သည်များ အနေဖြင့် ကျိုင်းတုံဒေသ၏ အထင်ကရများဖြစ်သည့် နောင်တုံကန်၊ ခေမာရဋ္ဌ ရပ်တော်မူဘုရားကြီး ၊ သစ်တစ်ပင်တောင် ၊ လွယ်မွေ တောင်စခန်းမြို့ ၊ ရေပူစမ်းစသည့် နေရာအသီးသီးသို့ မလွဲမသွေ သွားရောက်တတ်ကြသလို မူလ ကမ္ဘာအေးစေတီခေါ် ဓါတ်စွမ်လွဲ စေတီတော်သို့လည်း သွားရောက်ဖူးမျှော်လိုကြသည့် အာသီသများ ပြင်းစွာဖြစ်ပေါ်လေ့ရှိကြသော်လည်း အကယ်စင်စစ် ဖူးခွင့်ကြုံရသူများတော့ နည်းပါးလှသည်မှာ အဆိုပါ ဓါတ်စွမ်လွဲစေတီတော်၏ ထူးခြားချက်ကြောင့်လော၊ ဒေသခံတို့ ရင်ထဲစွဲမြဲနေသည့် ရှေးအယူအဆ များကြောင့် လောဟု ဝေခွဲရန် ခက်ခဲလှသော်လည်း ဘုရားဖူးလာရောက်သူတို့ အကြောင်းအမျိုးမျိုးကြောင့် ဖူးတွေ့ရန် ခက်ခဲလှသည်ကတော့ ထူးခြားချက်တစ်ခုပင် ဖြစ်ပေသည်။


ဖူးခွင့်ကြုံမှ ဖူးခွင့်ရသည့် စေတီတော်တစ်ဆူဟု ဆိုရချေမည်ဖြစ်သည်။ ရှေးယခင်က နှစ်ပေါင်း နှစ်ထောင်ကျော်က ယခုကျိုင်းတုံမြို့တည်နေရာသည် ရေများပြည့်လျှံနေသော ကန်ကြီးတစ်ခုသာ ဖြစ်ပြီး အနား ပတ်ဝန်းကျင်တွင် တောင်ပေါ်ရွာလေးများသာ ရှိပါသည်။


မဟာသက္ကရာဇ် ၁၁၅ ခုနှစ်တွင် ဂေါတမမြတ်စွာဘုရားရှင်သည် ဒေသစာရီကြွချီတော်မူလာရာ ယခု စေတီတော်တည်ရှိရာ တောင်ကုန်းထက်တွင် ခေတ္တနေသန့်တော်မူရာ ထိုတောင်ကုန်းပေါ်တွင် သစ်ခုတ်နေသည့် ရွာသူကြီး ကန့်အိုက်အွန်တို့ ဇနီးမောင်နှံက ၎င်းတို့တွင်ပါလာသော ထမင်းထုပ်နှင့် ပျားရည်တို့အား မြတ်စွာဘုရားရှင်နှင့် သံဃာတော်များအား ဆက်ကပ်လှူဒါန်းရာ အဆိုပါ ဆွမ်းအား မြတ်စွာဘုရားရှင်မှ ဘုဉ်းပေးတော်မူပြီး နောင်အခါတွင် ဤအရပ်ဒေသ တစ်ခွင် မြို့ရွာများဖြင့်
စည်ကားသော ဒေသတစ်ခုဖြစ်တည်လာမည်ဟု ဗျာဒိတ်စကားမြွက်ကြားကာ စေတီတည်ထားကိုးကွယ်ရန် အတွက် ဆွမ်းဒကာ ကန့်အိုက်အွန်တို့ ဇနီးမောင်နှံအား ဆံတော်လေးဆူ ချီးမြှင့်တော် မူလေသည်။

 

ကန့်အိုက်အွန်လည်း ကြည်နူးရွှင်ပျစွာဖြင့် ဆံတော်များအား ၀ါးကြုတ်ထဲသို့ ထည့်သွင်း သိမ်းဆည်းကာ စေတီတော်အား မည်ကဲ့သို့ တည်ထားရမည့် အကြောင်း လျှောက်ထားရာ မြတ်စွာဘုရားရှင်က ကန့်အိုက်အွန်ထံတွင် ပါလာသော ခြင်းတောင်းအား မှောက်ထားသည့် ပုံစံဖြင့် တည်ထားရန် မိန့်တော်မူလေသည်။


ကန့်အိုက်အွန်တို့ ဇနီးမောင်နှံလှူဒါန်းသည့် ဆွမ်းအား မြတ်စွာဘုရားရှင် ဘုဉ်းပေးသုံးဆောင်ပြီးနောက် သပိတ်တော်အား ရှင်အာနန္ဒာမထေရ်မြတ်က အနီးရှိချောင်းတွင် သွားရောက်ဆေးကြောခဲ့သည်ကို အစွဲပြုလျှက် အဆိုပါချောင်းမှာ ယနေ့တိုင် ရှမ်းဘာသာဖြင့် နမ့်လန့်ချောင်းဟု ထင်ရှားလေသည်။



မြတ်စွာဘုရားရှင်၏ ဆံတော်လေးဆူအား ပေးသနားတော်မူခံရသည့် ကန့်အိုက်အွန်တို့ ဇနီးမောင်နှံလည်း
စေတီတည်ထားရန် သင့်လျော်သည့် မြေနေရာအား ရွေးချယ်ကာ ဆံတော်မြတ် ကိန်းဝပ်သည့် ၀ါးကြုတ်တော်အား ရွှေကြုတ်ထဲသို့ ထည့်သွင်းပြီးလျှင် တဖန် အဆိုပါ ရွှေကြုတ်အား ငွေကြုတ် ထဲသို့ ထည့်သွင်းပြီး ကျောက်သံပတ္တမြားများနှင့်အတူ ကျောက်သေတ္တာအတွင်း ထည့်သွင်းကာ အနက် ခုနစ်တောင်ရှိ ကျင်းအတွင်း ဌာပနာပြုပြီး ခြင်းတောင်းမှောက် သဏ္ဍာန် စေတီတော်အား တည်ထား ကိုးကွယ်လေသည်။


စေတီတော်အား တောင်ထိပ်ပေါ်တွင် တည်ထားသည်ကို အစွဲပြုလျှက် ရှမ်းဘာသာဖြင့် ဓါတ်စွမ်လွဲ (မြန်မာဘာသာဖြင့် တောင်ထိပ်စေတီ) ဟု ခေါ်ဝေါ်သမုတ်ကြသလို နောင်အခါတွင် ပြည်ထောင်စုမြန်မာနိုင်ငံတော် ၀န်ကြီးချုပ် ဦးနုမှ စေတီတော်အား လာရောက်ဖူးမျှော်ပြီးနောက် စေတီတော် တည်ထားပုံအား နှစ်သက်မြတ်နိုးသဖြင့် ရန်ကုန်မြို့တွင် စေတီတော်နှင့် အလားသဏ္ဍာန်တူသော ကမ္ဘာအေးစေတီတည်ထားခဲ့သည်ကို အကြောင်းပြု၍ မူလကမ္ဘာအေးစေတီဟုလည်း အမည်တွင်လေသည်။

လပြည့်လကွယ်ညများတွင် စိန်ဖူးတော်မှ ကြယ်ပွင့်ပုံ သဏ္ဍာန်ရောင်ခြည်တော်များ ဖြာထွက်ကွန့်မြူးလေ့ရှိသည့် စေတီတော်၏ ထူးခြားချက်များမှာ ရေးဖွဲ့မကုန်အောင်ရှိသလို စေတီတော်၏ တောင်ဘက်မုခ်စောင်းတန်းရှိ နဂါးကြီးနှစ် ကောင်၏ ဒဏ္ဍာရီဆန်သော အကြောင်းအရာများကလည်း အမြောက်အများရှိလေသည်။

ယခုအခါစေတီတော်အား သက်တော် ၃၈နှစ်ရှိ ကျိုင်းတုံဇာတိ ဆရာတော် ဥူးဥတ္တမသာရနှင့် တပည့်ဒါယကာ ဒါယိကာမများက တောတောင်တို့အလည် သပ္ပါယ်စွာ စံနေတော်မူသော စေတီတော်အား အခက်အခဲ မျိုးစုံကြားမှ ထိန်းသိမ်းစောင့်ရှောက်လျှက်ရှိပေသည်။

သံလွင်အရှေ့ခြမ်း၏ မြို့တော် ကျိုင်းတုံမြို့၏ အရှေ့ဖက် ဆယ်မိုင်ခန့်အကွာ မိုင်းလန်းကျေးရွာအုပ်စု ၀မ်လွဲရွာအနီး တောတောင်တို့ အလည်တွင် တည်ရှိတော်မူသော မြတ်စွာဘုရားရှင်၏ စံတော်မြတ် ကိန်းဝပ်စံပယ်တော်မူရာ ဓါတ်စွမ်လွဲ စေတီတော် အားဖူးမျှော်ရင်း သာယာလှပသည့် တောတောင်ရှုခင်းများ၏ သဘာဝအလှအား ခံစားအပန်းဖြေနိုင်ကြ ရန်အတွက် တစ်ခါ တစ်ခေါက် လာရောက်ဖူးမျှော်နိုင်ပါကြောင်း ဖိတ်မန္တကပြုလိုက်ပါသည်..............။

ဆောင်းပါးရှင်။   ။ မောင်ယဉ်ကျေး

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~



Viewing all articles
Browse latest Browse all 18345

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>