တာချီလိတ်မြို့ရှိ အလင်းရောင်ပရဟိတအသင်းမှ စတုတ္ထ အကြိမ်မြောက် စုပေါင်း ၀ါဆိုသင်္ကန်း ကပ်လှူပွဲ နှင့် (၈၃)ကြိမ်မြောက် စုပေါင်း ဆွမ်းလောင်းလှူပွဲကို ဒုတိယ ၀ါဆိုလပြည့် ဓမ္မစကြာနေ့ဖြစ်သည့် ယနေ့ ဇူလိုင်လ(၃၁)ရက် နံနက်(၆း၃၀)နာရီအချိန်တွင် တာချီလိတ်မြို့ ရှမ်းရိုးမကွင်းထဲရှိ အလင်းရောင် ပရဟိတအသင်း၏ ဆွမ်းလောင်းမဏ္ဍပ်တွင် စည်ကားသိုက်မြိုက်စွာဖြင့် စုပေါင်းကျင်းပ လောင်းလှူခဲ့ရာ ဆရာတော်၊ သံဃာတော်နှင့်ကိုရင်၊ သီလရှင် အပါအ၀င် စုစုပေါင်း (၁၀၄၀)ပါး ကြွရောက်တော်မူကြောင်း သိရသည်။
"ဒီနှစ်ကတော့ အရင်နှစ်ထက် ပိုများတယ်၊ ဆရာတော်၊ သံဃာတော် နဲ့ ကိုရင်က စုစုပေါင်း (၉၈၅)ပါး၊ သီလရှင်က (၅၅)ပါးဆိုတော့၊ စုစုပေါင်း (၁၀၄၀)ပါး ကြွရောက်ပါတယ်၊ ကားကြိုပို့ဖို့အတွက်ကတော့ တချို့ကျောင်းတွေက ကျောင်းပိုင်ကားနဲ့ ကြွလာတာရှိသလို၊ မရှိတဲ့ ကျောင်းတွေကိုလည်း ကျွန်တော်တို့ အသင်းက ကြိုပို့ လုပ်ပေးပါတယ်.."ဟု အလင်းရောင်ပရဟိတအသင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောပြသည်။
ယနေ့ ပြုလုပ်သော စတုတ္ထ အကြိမ်မြောက် စုပေါင်း ၀ါဆိုသင်္ကန်း ကပ်လှူပွဲ နှင့် (၈၃)ကြိမ်မြောက် စုပေါင်း ဆွမ်းလောင်းလှူပွဲတွင် အင်းသားလူမှုရေးအသင်း(တာချီလိတ်)မှလည်း ၀င်ရောက် ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း နှင့် အလှူရှင်များမှလည်း အသီးသီးလှူဒါန်းကြကြောင်း သိရသည်။
ဆွမ်းလောင်းပွဲသို့ တာချီလိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ နှင့် ဇနီး၊ တာချီလိတ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းနှင့်ဇနီး အပါအ၀င်၊ ဌာနဆိုင်ရာများ၊ ပညာရေးဌာနမှ ဆရာ၊ဆရာမများ၊ လူမှုရေးအသင်းအဖွဲ့များ နှင့် ဒေသခံတိုင်းရင်းသားများ စသည်တို့မှ ပါဝင်ကာ စုပေါင်း၍ လောင်းလှူခဲ့ကြသည်။
အလင်းရောင်ပရဟိတအသင်းသည် တာချီလိတ်မြို့တွင် လစဉ် လပြည့်၊ လကွယ်နေ့တိုင်း ရဟန်း၊ သံဃာ အပါး (၇၀၀)ကျော်တို့ကို ဒေသခံပြည်သူများနှင့်အတူ စုပေါင်း၍ ဆွမ်းလောင်းလှူလာခဲ့သည်မှာ ယနေ့ပြုလုပ်သည့် အကြိမ်အပါအ၀င်ဆိုလျှင် စုစုပေါင်း (၈၃)ကြိမ်မြောက်ဖြစ်ပြီ ဖြစ်ကြောင်း သိရသည်။

⊰❂ #TachileikNewsAgency#TachileikOnlineNewswww.tachileik.net ❂⊱
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~