Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

ဘိန်းအစားထိုး လုပ်ငန်းနှင့် ဒေသဖွံ့ဖြိုးရေး စီမံကိန်းများအတွက် နှစ်နိုင်ငံ JPSC တတိယအကြိမ်မြောက် လုပ်ငန်းညှိနှိုင်းဆွေးနွေး

$
0
0
မြန်မာ - ထိုင်း နှစ်နိုင်ငံ သဘောတူညီချက်ဖြင့် ဘိန်းအစားထိုး လုပ်ငန်းနှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအား ထိုင်းနိုင်ငံ မယ်ဖါးလုံဖေါင်ဒေးရှင်းမှ ဘတ်သန်း(၃၅၀)ဖြင့် ရှမ်းပြည်နယ်အရှေ့ပိုင်း ဒေသအတွင်း ဆောင်ရွက်လျှက်ရှိရာ တတိယအကြိမ်မြောက် နှစ်နိုင်ငံ လုပ်ငန်းညှိနှိုင်း အစည်းအဝေးအား တာချီလိတ်မြို့ ဇန်းမွန်အာခါဟိုတယ်တွင် ကျင်းပခဲ့ကြောင်း သိရသည်။


“ကျွန်တော်တို့ မယ်ဖါးလုံဖေါင်ဒေးရှင်း အနေနဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို လုပ်ဆောင်နေတဲ့အပေါ် အားရကျေနပ်မိပါတယ်၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းကို အရှိန်အဟုန်မပျက် ဆက်လက်ဆောင်ရွက်သွားဖို့ သက်ဆိုင်ရာ တာဝန်ရှိသူတွေနဲ့  ဌာနတွေကို ပူးပေါင်းဆောင်ရွက်ပြီး လိုအပ်ချက်တွေဖြည့်ဆည်းနိုင်ဖို့ လုပ်သွားမှာပါ၊ ဒေသတွင်း ဘာသာစကား အားနည်းချက်ကြောင့် ယခု (နတလ)ကျောင်းဆင်း တိုင်းရင်းသား လူငယ်တွေကို မယ်ဖါးလုံဖေါင်ဒေးရှင်းနဲ့တွဲပြီး အလုပ်လုပ်ဖို့ ပို့ဆောင်ပေးပါမယ်”ဟု နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးထွေးလှမှ အဖွင့်အမှာစကားတွင် ထည့်သွင်းပြောကြားခဲ့သည်။


မယ်ဖါးလုံဖေါင်ဒေးရှင်းအား၂၀၁၂ ခုနှစ်က  မြန်မာ- ထိုင်း နှစ်နိုင်ငံ သဘောတူညီချက် MOU လက်မှတ်ရေးထိုးခဲ့ပြီး ၂၀၁၄ ခုနှစ်တွင် စတင်ဆောင်ရွက်ခဲ့ရာ (၂)နှစ်ရှိခဲ့ပြီ ဖြစ်ကြောင်း၊ ၂၀၁၄ - ၂၀၁၈ ခုနှစ် အထိ စီမံကိန်းအား မဟာဗျူဟာချမှတ်၍ နည်းဗျူဟာ(၃)ခုဖြင့် ဆောင်ရွက်လျှက်ရှိကြောင်း၊ မြန်မာနိုင်ငံ အနေနှင့် မူးယစ်ဆေးဝါးနည်းဗျူဟာ (၃)ရပ်အနေနှင့် ထုတ်လုပ်မှု ကင်းစင်ရေး၊ စားသုံးမှု ပပျောက်ရေးနှင့် ဖြန့်ဖြူးရောင်းဝယ်မှုပပျောက်ရေးတို့ဖြစ်ကြောင်း ဒေသဖွံ့ဖြိုးရေးနှင့် ဘိန်းအစားထိုး လုပ်ငန်း မြန်မာနိုင်ငံ မူးယစ်(ဗဟို)၊ UNDO နှင့် (နတလ)၀န်ကြီးဌာနတို့ ပူးပေါင်း၍ အကောင်အထည် ဖေါ်လျှက်ရှိကြောင်း ၎င်းမှ ဆက်လက် ပြောကြားသည်။


စီမံကိန်းအား ရှမ်းပြည်နယ်အရှေ့ပိုင်းရှိ မိုင်းဆတ်ခရိုင်နှင့် တာချီလိတ်ခရိုင်အတွင်း ကျေးရွာပေါင်း(၅၆)ရွာရှိ မြေဧက(၆၁၂၀၀)ပေါ်တွင် အကောင်အထည်ဖေါ်လျှက်ရှိကြောင်း သိရပြီး ကျေးရွာအုပ်စု(၃)စုတွင် ထပ်မံတိုးချဲ့၍ အကောင်အထည်ဖေါ်ရန် အစီအစဉ်များရှိကြောင်း သိရသည်။


“စီမံကိန်းလုပ်ငန်း (၂)နှစ်တာ ကာလအတွင်းမှာ ဖွံ့ဖြိုးတိုးတက်မှုတွေကို ကျွန်တော်တို့ အစိုးရပိုင်း အနေနဲ့ ကျေနပ်မိပါတယ်၊ ဒေသဖွံ့ဖြိုးမှု တစ်ခုတည်းကို မဟုတ်ဘဲ ကလေးတွေရဲ့ Mind Set တွေကိုပါ ပြောင်းပေးနိုင်အောင်၊ စိုက်ပျိုး/မွေးမြူရေးနဲ့ အသက်ရှင် ရပ်တည်နိုင်အောင် လုပ်ဆောင်ပေးနေတဲ့အတွက် မယ်ဖါးလုံဖေါင်ဒေးရှင်းကို ကျေးဇူးတင်ပါတယ်”ဟု  မြန်မာနိုင်ငံ မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့၊ စီမံကိန်းဌာန၊ ဌာနမှူး ရဲမှူးကြီး ဇော်လင်းထွန်းမှ ပြောကြားခဲ့သည်။


ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများဆောင်ရွက်ရာတွင် ဒေသခံတိုင်းရင်းသားများအား မိသားစု ၀င်ငွေတိုးလုပ်ငန်းများ ဆောင်ရွက်တတ်စေရန်နှင့် ဒေသတွင်း စိုက်ပျိုး/မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်တတ်စေရန် အဓိကထား ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် တွေ့ကြုံရသော အခက်အခဲများအား ဆွေးနွေးရာ၌ ထိုင်းနိုင်ငံဘက်မှ “ကျွန်တော်တို့ ဒေသတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဖွံ့ဖြိုးရေးလုပ်ငန်း လုပ်ဆောင်တဲ့ နေရာက “၀”နယ်မြေထဲ နေ့တိုင်းဖြတ်သန်းသွားလာနေရတော့ မြန်မာစစ်တပ်ဘက်ကလည်း တစ်မျိုး ထင်တယ်၊ “၀” စစ်တပ်ဖက်ကလည်း တစ်မျိုးထင်တယ် တကယ်တမ်းတော့ ကျွန်တော်တို့က ဒေသခံတွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက် အလုပ်လုပ်ပေးနေတာပါ၊ ဒါကို အမြင်ရှင်းသင့်တယ်..”ဟု ထိုင်းနိုင်ငံ Mae Fah Luang ဖေါင်ဒေးရှင်းမှ Chairman of Board ဖြစ်သူ Mr Disnadda Diskul မှ တင်ပြဆွေးနွေးခဲ့သည်။


မြန်မာနိုင်ငံမှ တာဝန်ရှိသူများမှ ၎င်းကိစ္စအား နိုင်ငံတော်အစိုးရ အားတင်ပြပေးမည်ဖြစ်ကြောင်းနှင့် ယခုလက်ရှိ အခြေအနေဖြေရှင်းရာ နောင်အစည်းအဝေးများတွင် တပ်ဖက်မှ တာဝန်ရှိသူများနှင့် စစ်ဖက်ဆိုင်ရာလုံခြုံရေးကဲ့သို့ အဖွဲ့အစည်းများအား ဖိတ်ကြားကာ မပြေလည်မှုများအား မြေပြင် အခြေအနေတွင် ဖြေရှင်းနိုင်ရန် လုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့သည်။

“အဓိက စီမံကိန်းများ၊ စိုက်ပျိုးရေးအတွက် မြေနေရာရရှိဖို့နဲ့ အဓိကလိုအပ်ချက်အတွက် သောက်သုံးရေ လုံလုံလောက်လောက်ရရှိဖို့ ဆောင်ရွက်နေပါတယ်၊ နွေရာသီမှာ ရေရှားပြီး မိုးရာသီမှာ ရေကြီးရေလျှံတဲ့ ဒေသတွေဖြစ်တဲ့အတွက် ရေကို စနစ်တကျ အသုံးပြုတတ်အောင် အသိပညာပေးပြီး စိုက်ပျိုးရေးနဲ့ မွေးမြူရေးကိုလဲ သူတို့ကိုယ်တိုင်ပါဝင်ပြီး လုပ်ကိုင်တတ်လာအောင် လုပ်ပေးရပါတယ်”ဟု မယ့်ဖါးလုံဖောင်ဒေးရှင်း၏ ညွှန်ကြားရေးမှူး ဦးခမ်းအောင်က ပြောသည်။

နှစ်နိုင်ငံ JPSC တတိယအကြိမ်မြောက် အစည်းအဝေးသို့ မြန်မာဘက်မှ နယ်စပ်ဒေသ တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးထွေးလှ၊ မြန်မာနိုင်ငံ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့မှူး ရဲမှူးချုပ်ကျော်ဝင်း နှင့် မူးယစ်(ဗဟို)အဖွဲ့ဝင်များ၊ တာချီလိတ်ခရိုင် နှင့် မိုင်းဆတ်ခရိုင်မှ တာဝန်ရှိသူများ နှင့် ထိုင်းနိုင်ငံမှ စီမံကိန်းတာဝန်ခံများ တက်ရောက်ခဲ့ကြောင်း သိရသည်။
 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
~~~~~~~~~~ ကြော်ငြာ ~~~~~~~~~



Viewing all articles
Browse latest Browse all 18345

Trending Articles