မြန်မာနိုင်ငံသတင်းစာဆရာအသင်း (ရှမ်းပြည်နယ်အရှေ့ပိုင်း)မှ အသင်းဝင် သတင်းထောက်များ တွေ့ဆုံ ဆွေးနွေးကာ ဗဟိုမှ ထုတ်ပေးထားသော အသင်းဝင် ကတ်ပြားများ နှင့် မီဒီယာအမှတ်အသားပြ အင်္ကျီများ ပေးအပ်မှုကို ယနေ့ ဇွန်လ(၉)ရက် နေ့လည်ပိုင်းက တာချီလိတ်ခရိုင် ပြန်/ဆက်ရုံးရှိ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြသည်။
“ကျွန်တော်တို့ MJA ကို တာချီလိတ်မှာ ဖွဲ့စည်းတာ သတင်းထောက်တွေကို ချုပ်ကိုင်ဖို့ မဟုတ်ပါဘူး၊ သတင်းထောက်တွေကို အကာအကွယ် ပေးနိုင်ဖို့ပါ၊ ဒေသတွင်း သတင်းတင်ဆက်မှုမှာ အချင်းချင်း စည်းလုံးညီညွတ်ပြီး တစ်ယောက်နဲ့ တစ်ယောက် ချိတ်ဆက်မှုတွေရှိအောင်လို့ပါ”ဟု ရှမ်းပြည်နယ်အရှေ့ပိုင်းမှ မြန်မာနိုင်ငံသတင်းစာဆရာအသင်း ဥက္ကဌ ဦးအောင်ဖြိုးရှိန်မှ အခမ်းအနားတွင် ပြောကြားသည်။
မြန်မာနိုင်ငံသတင်းစာဆရာအသင်းအား ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် တာချီလိတ်မြို့၌ ပထမဦးဆုံး ဖွဲ့စည်းနိုင်ခဲ့သည့် အတွက် ဗဟိုမှ မြန်မာနိုင်ငံသတင်းစာဆရာအသင်း (ရှမ်းအရှေ့)အဖြစ် တာချီလိတ်ကို သတ်မှတ်ပေးခဲ့ပြီးနောက် ကျိုင်းတုံမြို့တွင် မြန်မာနိုင်ငံသတင်းစာဆရာအသင်း(ကျိုင်းတုံ)အား ဆက်လက်ဖွဲ့စည်းစေခဲ့ကြောင်း၊ မြန်မာနိုင်ငံသတင်းစာဆရာအသင်း(ရှမ်းအရှေ့)အနေဖြင့် နောက်ပိုင်းတွင် ရန်ပုံငွေပေါ် မူတည်၍ အသင်းဝင်များ၏ သားသမီးများအတွက် ပညာရေးထောက်ပံ့မှုများကို ပြုလုပ်ပေးသွားမှာဖြစ်ကြောင်း နှင့် သတင်းသင်တန်းများ နှင့် မီဒီယာပိုင်းဆိုင်ရာများ စသည့် သင်တန်းများကိုလည်း ပို့ချသွားနိုင်ရန် ကြိုးစားသွားမည်ဖြစ်ကြောင်း ၎င်းမှ ဆက်လက်ပြောကြားသည်။
မြန်မာနိုင်ငံသတင်းစာဆရာအသင်းဝင်ကတ်နှင့် အင်္ကျီများမှာ ဗဟိုမှ ကျသင့်တန်ဖိုးဖြင့် ရောင်းချခြင်းဖြစ်သော်လည်း ကျသင့်တန်ဖိုးများအား ရှမ်းအရှေ့သတင်းစာဆရာအသင်းပိုင် ရန်ပုံငွေဖြင့် ၀ယ်ယူ၍ မြန်မာနိုင်ငံသတင်းစာဆရာအသင်း(ရှမ်းအရှေ့)တွင် အသင်းဝင်ထားသော သတင်းထောက်များအား MJA ဗဟိုမှ တရားဝင် ထုတ်ပေးထားသည့် အသင်းဝင်ကတ်ပြားများ အပြင် မြန်မာနိုင်ငံသတင်းစာဆရာအသင်း (ရှမ်းအရှေ့)မှ အကုန်အကျခံကာ ပြုလုပ်ထားသည် ရင်ထိုး၊ အကျီ င်္နှင့် မြန်မာနိုင်ငံသတင်းစာဆရာအသင်း (ရှမ်းအရှေ့) အမှတ်တံဆိပ်ပါ မှတ်စုစာအုပ်များအား တစ်ဦးချင်းစီ ပေးအပ်သည်။
တက်ရောက်လာသော ရှမ်းရှေ့ MJA အသင်းဝင် သတင်းထောက်များမှ ၂၀၁၅ ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီများ၏ အသုံးချခံ မဖြစ်ရန်အတွက် သတိထားသင့်ကြောင်းကို ဆွေးနွေးခဲ့ပြီး သြဂုတ်လ(၂)ရက်နေ့တွင် ကျင်းပမည့် မြန်မာနိုင်ငံလုံး ဆိုင်ရာ သတင်းစာဆရာများ ညီလာခံအား တက်ရောက်ရန်နှင့် International federation of Journalists နှင့် MJA တို့ ပူးပေါင်းဖွင့်လှစ်သည့် IFJ Union Management Workshop တို့အား ရှမ်းပြည်နယ်အရှေ့ပိုင်း သတင်းစာဆရာများမှ သွားရောက် တက်ရောက်မည့်ကိစ္စများအား ဆွေးနွေးခဲ့ကြသည်။
ရှမ်းပြည်နယ် အရှေ့ပိုင်းတွင် MJA အသင်းဝင်များ အနေဖြင့် တာချီလိတ်၊ ကျိုင်းတုံ၊ မိုင်းဖြတ်၊ မိုင်းဆက် နှင့် မိုင်းယောင်းမြို့မှ ပါဝင်ပြီး လတ်တလောတွင် အသင်းဝင် သတင်းထောက် စုစုပေါင်း(၂၄)ဦးရှိကြောင်း သိရသည်။
ယနေ့ တွေ့ဆုံပွဲတွင် မြန်မာနိုင်ငံသတင်းစာဆရာအသင်း(ရှမ်းအရှေ့)မှ ဥက္ကဌ ဦးအောင်ဖြိုးရှိန်(မောင်ယဉ်ကျေး)၊ အတွင်းရေးမှူး ဦးဝင်းအောင်ဇော်(ကိုဇောင်း)၊ ဘဏ္ဍာရေးမှူး ဦးလှဌေး (ဝေယံလင်း)၊ စာရင်းစစ် ဦးထွန်းသန်း (မြင့်မိုရ်)၊ ပြန်ကြားရေး ဦးထွန်းထွန်းဝင်း (ကိုထွန်း-မိုင်းဖြတ်) နှင့် အဖွဲ့ဝင်များအဖြစ် ဦးလှမြင့်၊ ဦးယာဆေး နှင့် ဦးစောလှမင်း(ကိုမင်း)တို့မှ တက်ရောက်ခဲ့ကြပြီး သတင်းမီဒီယာကိစ္စများနှင့် ပတ်သက်၍ နှီးနှောဖလှယ် ဆွေးနွေးခဲ့ကြသည်။

⊰❂ #TachileikNewsAgency#TachileikOnlineNewswww.tachileik.net ❂⊱
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~