Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

ကားဂိတ်များအပေါ် နစ်နာစေသည့်အတွက် ခရီးသည်ပွဲစား ပပျောက်ရေး ညှိနှိုင်းဆွေးနွေး

$
0
0
တာချီလိတ်မြို့တွင် ခရီးတို၊ ခရီးဝေးပြေးဆွဲနေသော ယာဉ်လိုင်းများမှ ခရီးသည်ပွဲစားများ ပပျောက်ရေးနှင့် ယာဉ်လိုင်းများ စနစ်တကျ ပြေးဆွဲရေးအတွက် မေလ၏ တတိယအပတ် နောက်ဆုံးရက်က ပါဆတ်ကားလေးဝင်းရှိ မင်းခေတ်သစ် ကုမ္ပဏီရုံး၏ အစည်းအဝေးခန်းမ၌  တာချီလိတ်ခရိုင် သယ်ယူပို့ဆောင်ရေးကော်မတီနှင့် ယာဉ်လိုင်းတာဝန်ခံများတွေ့ဆုံကာ  ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

ထိုသို့ ဆွေးနွေးရာတွင် ယာဉ်လိုင်းများ စနစ်တကျ ပြေးဆွဲရေး၊ ကားဝင်းအတွင်း၌ မော်တော်ယာဉ်များ စနစ်တကျ ရပ်နားပေးရေး၊ ခရီးသည်ပွဲစားများ ပပျောက်ရေး နှင့် ခရီးသည်များ အထူးခရီးသွား အာမခံ ထားရှိရေးတို့အတွက် ကညန၊ အာမခံ၊ ပို့/ဆက်  နှင့် မထသ၊ အဝေးပြေးကားကွင်း ကြီးကြပ်မှုကော်မတီ  နှင့် ယာဉ်လိုင်းတာဝန်ခံများဖြင့် တွေ့ဆုံ၍ ဆွေးနွေးညှိနှိုင်းခဲ့ကြတာဖြစ်ကြောင်း သိရသည်။


အဆိုပါ ဆွေးနွေးညှိနှိုင်းမှုတွင် ခရီးသည်ပွဲစားပပျောက်ရေးကို ဦးတည်ကာ ဆွေးနွေးခဲ့ကြပြီး မေလ(၂၂)ရက်နေ့ကစ၍ တာချီလိတ် - တောင်ကြီး ခရီးစဉ်တွင် ယာယီသတ်မှတ် နှုန်းထားအနေဖြင့် ခရီးသည်တစ်ဦးလျှင် ကျပ်(၂၅၀၀၀)ဖြင့် ရောင်းချစေပြီး ယာဉ်လိုင်းများ နစ်နာမှု မရှိစေရန်အတွက် ခရီးသည်ပွဲစားများအား တွေ့ရှိတိုင်ကြားပါက အဆိုပါ ခရီးသည်ပွဲစားများကို ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း အစည်းအဝေးဆုံးဖြတ်ချက်အရ သိရသည်။


"ထိုင်းကနေ ပြန်လာပြီး ပြည်တွင်းကို ပြန်မဲ့ ခရီးသည်တွေကို တဆင့်ခံဖြစ်တဲ့ ခရီးသည်ပွဲစားတွေက ခေါ်လာပြီး တာချီလိတ် - တောင်ကြီးကို ကျပ်(၃၅၀၀၀)နဲ့ ကောက်ခံတာတွေရှိနေတယ်၊ တကယ်တမ်းက တာချီလိတ်နဲ့တောင်ကြီး ခရီးစဉ်အတွက် ကားဂိတ်ကို လာအပ်တာက ကျပ်(၂၅၀၀၀)ဘဲ၊ ဒါကြောင့် ခရီးသည်ပွဲစား ပပျောက်ရေးအတွက် အဓိက ဆွေးနွေးကြတာပါ.."ဟု မော်တော်ယာဉ်လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေး ကြီးကြပ်မှုကော်မတီ(မထသ)ဥက္ကဌ ဦးစ၀်စိုးလင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောပြသည်။

"အခုက ဘယ်လိုဖြစ်နေလဲဆိုတော့ ခရီးသည်ရော၊ ကားဂိတ်ရော နစ်နာတာမျိုးပေါ့၊ ခရီးသည်ပွဲစားတွေက ဟိုဖက်ကမ်းက လာတဲ့ ခရီးသည်တွေကို မသိရင် မသိသလို နောက်ဆုံး ကျပ်(၄၀၀၀၀)အထိတောင်းပြီး ကားဂိတ်ကိုတော့ ကျပ်(၂၅၀၀၀)နဲ့ လာပို့တာတွေရှိနေတယ်..."ဟု အဝေးပြေး ကားကွင်းကြီးကြပ်မှုကော်မတီ အတွင်းရေးမှူး ဦးမောင်နိုင်က ပြောသည်။

တာချီလိတ် - တောင်ကြီး ခရီးစဉ်အား ခရီးသည်တစ်ဦးလျှင် ၀ါတွင်းကာလများတွင် (၂၅၀၀၀)ကျပ် ကောက်ခံပြီး၊ ပွင့်လင်းကာလများတွင် ကျပ်(၃၀၀၀၀)မှ ကျပ်(၃၅၀၀၀)အထိ ကောက်ခံမည်ဖြစ်ကြောင်း နှင့် ထိုသို့ သတ်မှတ်၍ ကောက်ခံခြင်းကို ကာလအလိုက် သက်ဆိုင်ရာ ကားဂိတ်များတွင် ပိုစတာများဖြင့် ချိတ်ဆွဲ၍ ဈေးနှုန်းများကို သတ်မှတ်ထားရှိသွားမှာဖြစ်ကြောင်းကို အစည်းအဝေးတွင် ကားဂိတ်တာဝန်ခံများက သဘောတူညီကြကြောင်း မထသ ဥက္ကဌ ဦးစ၀်စိုးလင်းထံမှ ထပ်မံ သိရသည်။


သတင်း။  ။ ကိုဇောင်း
ဓါတ်ပုံ။  ။ ရွှေပြည်တော်

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~


Viewing all articles
Browse latest Browse all 18345

Trending Articles