Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

မြို့မဈေးမှ ပြောင်းရွှေ့လာသည့် ဈေးသည်(၇၀၀)၀န်းကျင်မှ ဘုရင့်နောင်ပုဂ္ဂလိကဈေးတွင် လာရောက် ရောင်းချ

$
0
0
တာချီလိတ်မြို့ပေါ်ရှိ ပုဂ္ဂလိက ဈေးများအနက် မြို့မဈေးနှင့် နီးပြီး ၀မ်ကောင်းရပ်ကွက်၊ သံဃာဆေးရုံအနီးရှိ ဘုရင့်နောင်ပုဂ္ဂလိကဈေးတွင် မြို့မဈေးမှ ပြောင်းရွှေ့လာကြသော အာခါတန်း ပျံကျဈေးသည်များနှင့် အခြားသော ဈေးသည်များဖြင့် စည်ကားနေလျက်ရှိကြောင်း သိရသည်။


ဘုရင့်နောင်ပုဂ္ဂလိကဈေးပိုင်ရှင် ဦးထွန်းနေဦးက "အခုတော့ ဈေးထဲမှာ ပျံကျဈေးသည်တွေရော၊ အုတ်ခုံဈေးသည်တွေ အပြင် သားငါးဈေးသည်တွေလည်း လာရောက် ရောင်းချနေပါပြီ၊ အခုလောလောဆယ် နှစ်လအတွင်း အာခါပျံကျဈေးသည်များကို အခမဲ့ပေးရောင်းထားပြီး အုတ်ခုံဈေးသည်များကို သန့်ရှင်းရေးခ အနေနဲ့ တစ်ရက်ကို (၁၀)ဘတ်ပဲ ကောက်ပါတယ်.."ဟု တာချီလိတ်သတင်းအေဂျင်စီသို့ ပြောပြသည်။



ဘုရင့်နောင်ပုဂ္ဂလိကဈေးတွင် နံနက်ပိုင်း၌ ဓါတုဆေးဝါးကင်းသည့် ဒေသထွက်သီးနှံများ၊ လတ်ဆတ်သော ဟင်းသီး ဟင်းရွက်များဖြင့် လာရောက် ရောင်းချသော အာခါတိုင်းရင်းသားဈေးသည်များဖြင့် စည်ကားနေလျက်ရှိပြီး အမဲ၊ ၀က်၊ ဆိတ်၊ ငါး၊ ကြက် စသည့်  သားငါးများကိုလည်း သားငါးတန်းတွင် စနစ်တကျ ရောင်းချနေလျက်ရှိကြောင်း သိရှိ မြင်တွေ့ရသည်။


"နံနက်ပိုင်းမှာ တော်တော်စည်တယ်၊ အာခါတန်းပျံကျနေရာကို အခမဲ့ ရောင်းခွင့်ပေးထားတော့ လာရောက် ရောင်းချသူတွေ များပါတယ်၊ နောက်ပိုင်းလည်း များလာအုံးမယ်လို့ ယူဆရသည်။ သူတို့ သတ်မှတ်ထားတဲ့နေရာမှာပဲ သတ်မှတ်ကာလ နှစ်လကျော်ရင် တစ်ရက်ကို သန့်ရှင်းရေးခအဖြစ် (၅)ဘတ်ပဲ ကောက်မယ်ဆိုတော့ အဆင်ပြေနိုင်ပါတယ်.... "ဟု ဘုရင့်နောင်ပုဂ္ဂလိကဈေးတွင် ဈေးရောင်းချနေသူ ကုန်ခြောက်ဈေးသည် တစ်ဦးက ဆိုသည်။



"အုတ်ခုံတန်းများကိုတော့ အခု သတ်မှတ်ကာလ (၂)လအတွင်းကို သန့်ရှင်းရေးခ အနေနဲ့ တစ်ရက်ကို (၁၀)ဘတ်ပဲ ကောက်မှာပါ၊ သတ်မှတ်ကာလ နှစ်လကျော်သွားရင်တော့ အုတ်ခုံငှားရမ်းခ တစ်လကို (၁၀၀၀)ဘတ်နဲ့ သန့်ရှင်းရေးခ (၃၀၀)ဘတ် ဆိုတော့ အုတ်ခုံသမားတွေအတွက် စုစုပေါင်း တစ်လကို (၁၃၀၀)ဘတ်ပဲ ကျပါတယ်.."ဟု ဘုရင့်နောင်ပုဂ္ဂလိကဈေးပိုင်ရှင် ဦးထွန်းနေဦးမှ ပြောသည်။


ဈေးအတွင်း၌  နေအိမ်အခန်းနှင့် ဆိုင်ခန်း ပါဝင်ပြီး ပေ(၁၂x၄၀) အကျယ်အ၀န်းရှိသည့် သုံးထပ် ဆိုင်ခန်းကိုလည်း တစ်လလျှင် (၆၀၀၀)ဘတ်နှုန်းဖြင့်  (၂)လစာ ကြိုတင်သွင်းပြီး ငှားရမ်းနိုင်ကြောင်း နှင့် ဆိုင်ခန်းနှင့် ခုံတန်းငှားရမ်းခများနှင့် ပတ်သက်၍ ဈေးနှုန်းတိုးမြှင့် ကောက်ခံရန် အစီအစဉ်မရှိကြောင်း ၎င်းမှ ဆက်လက်ပြောပြသည်။


"အ၀တ်အထည်တို့ အသုံးအဆောင်ပစ္စည်းတို့တော့ မစုံသေးဘူး၊ ဟင်းသီးဟင်းရွက်တွေ သားငါးတွေတော့ ဒီမှာ တော်တော်စုံတယ်၊ ဈေးဝယ်ရတာလည်း ကျယ်ကျယ်ဝန်းဝန်းနဲ့ အဆင်ပြေပါတယ်.."ဟု တာလော့ရပ်ကွက်မှာ လာရောက်ဈေးဝယ်သူ အမျိုးသမီးတစ်ဦးက ပြောသည်။


အကျယ်အ၀န်း (၆)ဧကခန့်ရှိသည့် ဘုရင့်နောင်ပုဂ္ဂလိကဈေးအတွင်းတွင် လူနေဆိုင်ခန်း စုစုပေါင်း (၉၃)ခန်း နှင့် သတ်မှတ်အကျယ်အ၀န်းများအလိုက် လူမနေဆိုင်ခန်း (၈၇)ခန်း အပြင် ပျံကျဈေးရုံတွင် (၆x၁၀)ပေ အကျယ်အ၀န်းရှိသည့် ဈေးခုံပေါင်း (၃၆၀)ခုံ နှင့် ပျံကျ စားသောက်ဆိုင် အကွက်(၁၀)ကွက် သတ်မှတ်ထားရှိပြီး နေ့စဉ် ယာဉ်ရပ်နားရန် ကားအတွက် (၁၅၆x၇၂)ပေ အကျယ်အ၀န်းရှိ နေရာတွင် ကားအစီး (၆၀)ခန့် ရပ်နားနိုင်ရန် ပြုလုပ်ပေးထားပြီး ဆိုင်ကယ်အစီး(၅၀၀)ခန့် ရပ်နား၍ ရရန်နေရာတို့ကိုလည်း သတ်မှတ်ထားရှိကြောင်း သိရှိရသည်။

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  

Viewing all articles
Browse latest Browse all 18345

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>