Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

မီးသတ်ဦးစီးဌာန အဆောက်အဦသစ် ဖွင့်ပွဲ နှင့် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ အခမ်းအနား ပူးတွဲကာ တာချီလိတ်၌ ကျင်းပ

$
0
0
(၆၉)နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ အထိမ်းအမှတ်အဖြစ် တာချီလိတ်မြို့နယ် မီးသတ် ဦးစီးဌာန၏ အဆောက်အဦသစ် ဖွင့်ပွဲ နှင့်အတူ  မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ အထိမ်းအမှတ်နေ့ အခမ်းအနားအား ယနေ့ နံနက်(၉)နာရီက ဆန်ဆိုင်း(ခ)ရပ်ကွက် ၊ ရှမ်းရိုးမကွင်း အနီးရှိ အဆိုပါရုံး အဆောက်အဦသစ်ရှေ့၌ ပူးတွဲကျင်းပပြုလုပ်ခဲ့ကြသည်။


တာချီလိတ်မြို့နယ် မီးသတ်ဦးစီးဌာန၏ အဆောက်အဦသစ်အား ဖွင့်ပွဲအဖြစ် ကနဦး ကျင်းပပြုလုပ်ရာတွင် တာချီလိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်တင်မေထွန်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။


ဆက်လက်၍ (၆၉)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အခမ်းအနားအား အဆောက်အဦသစ်အပေါ်
ထပ်၌ ကျင်းပရာ ခရိုင်နှင့်မြို့နယ်ဌာနဆိုင်ရာများ၊ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးအထောက်အကူပြုကော်မတီ ဥက္ကဋ္ဌ ဦးကြည်မြင့်၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးစိုင်းကျော်ဇံ၊  မြို့နယ်မီးသတ် ဦးစီးဌာနမှူး ဦးစီးအရာရှိ ဦးအောင်ကျော်နိုင် ဦးဆောင်သည့် သန္ဓေ/အရန်မီးသတ် တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ အလှူရှင်များနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်သည်။


ရှေးဦးစွာ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး လှမင်း က"နိုင်ငံတော် အနေဖြင့် ပြည်သူတို့၏ အသက်အိုးအိမ် ပစ္စည်းများနှင့် ကုန်ထုတ် အရင်းအနှီးများကို မီးဘေးအန္တရာယ်မှ တားဆီးကာကွယ်နိုင်ရေးနှင့် သဘာဝဘေးအန္တရာယ် ကျရောက်သည့်အခါ အရေးပေါ် ရှာဖွေကယ်ဆယ်နိုင်ရေး၊ ပြည်သူ့ အကျိုးပြု ဆောင်ရွက်ရေးစသည့် ရည်ရွယ်ချက်များဖြင့် မီးသတ်တပ်ဖွဲ့ကို ဖွဲ့စည်းခဲ့ခြင်း ဖြစ်ကြောင်း၊ မီးသတ် တပ်ဖွဲ့ဝင်များ အနေဖြင့် ပြည်သူလူထု နားလည် သဘောပေါက်အောင် အသိပညာပေးခြင်းနှင့် ပြည်သူလူထုအားလုံးက အသိတရားဖြင့် ပူးပေါင်း ပါဝင်လာအောင် စည်းရုံးဆောင်ရွက်ခြင်းစသည့် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများအား အရှိန်အဟုန်မြှင့် ဆောင်ရွက်ရမည်ဖြစ်ကြောင်း" အဖွင့်အမှာစကား ပြောကြားသည်။



ဆက်လက်၍ "ပြည်သူများ၏ ဘ၀အေးချမ်းစေရေး၊ စိတ်နှလုံး ချမ်းမြေ့မှု ရှိစေရေး၊ ပြည်သူများ၏ ဘ၀လုံခြုံစိတ်ချမှု ရှိစေရေးအတွက် ကြိုတင်ကာကွယ်ခြင်းသည် အကောင်းဆုံးဖြစ်ကြောင်း၊မီးသတ်တပ်ဖွဲ့၏ ကောင်းမွန်သည့် အစဉ်အလာကောင်းများ ဆက်လက် ထိန်းသိမ်းရန်၊ လက်ရှိ နှင့် အနာဂတ် စိန်ခေါ်မှုများအား အမြဲတာဝန်ရှိသည် ဟူသော စိတ်ဓာတ် ခံယူကျင့်သုံးလျက် ပစ္စည်းဥစ္စာ သာမက သက်ရှိသတ္တ၀ါမှန်သမျှ ပျက်စီးဆုံးရှုံးမှု နည်းပါး သက်သာစေရေး တားဆီးကာကွယ်၊ ကယ်ဆယ်နိုင်ရေး စီမံဆောင်ရွက်သွားကြရန်၊ ကြုံတွေ့လာမည့် မီးဘေး၊ သဘာဝဘေးအန္တရာယ်များ ရင်ဆိုင်ကျော်လွှားနိုင်ရေး မိမိတို့၏ စွမ်းဆောင်ရည်များ မြှင့်တင်သွားကြရန်၊ ပြည်သူတို့၏ အကျိုးစီးပွားကို အကာအကွယ်ပေး၊ စေတနာထား လုပ်ကိုင်ဆောင်ရွက်ကြပြီး ပြည်သူယုံကြည်အားကိုးရသည့် မီးသတ် တပ်ဖွဲ့ဖြစ်အောင် ကြိုးပမ်းဆောင်ရွက်သွားကြရန်" ပြောကြားသည်။



ထို့နောက် မြို့နယ်မီးသတ်ဦးစီးဌာနသို့ အဆောက်အဦဆောက်လုပ်သော အရှေ့ပိုင်းကြယ်ငါးပွင့်ကုမ္မဏီမှ ဒါရိုက်တာ အဖွဲ့ဝင် ဦးကျော်သီဟ က အလှူငွေ ဘတ် တစ်သောင်း နှင့် ဦးထွန်းနေဦး (ဘုရင့်နောင်ဈေး နှင့် ဟိုတယ်တာချီလိတ်)မှ အလှူငွေ ဘတ်တစ်သောင်း အား ပေးအပ်လှူဒါန်းရာ မြို့နယ်မီးသတ် ဦးစီးဌာနမှူး ဦးစီးအရာရှိ ဦးအောင်ကျော်နိုင် က လက်ခံရယူပြီး၊ တက်ရောက်လာသည့် ခရိုင်/မြို့နယ်အုပ်ချုပ်ရေးမှူး အပါအ၀င် ဌာနဆိုင်ရာများနှင့် ဧည့်သည်တော်များက အခမ်းအနားတွင် ပြသထားသည့် ခေတ်မီ မီးငြှိမ်းသတ်ရေး ပစ္စည်းကိရိယာများ၊ ခေတ်မီရှာဖွေ ကယ်ဆယ်ရေးသုံး ပစ္စည်းကိရိယာများအား ကြည့်ရှုခဲ့ကြသည်။


နိုင်ငံတော် တစ်ဝန်းလုံးတွင် ပြီးခဲ့သည့် (၂၀၁၄)ခုနှစ်က မီးလောင်မှု စုစုပေါင်း (၁၆၂၉)ကြိမ်ဖြစ်ပွားခဲ့ရာ အိမ်ခြေ အဆောက်အဦ စုစုပေါင်း (၃၂၀၆)လုံး လောင်ကျွမ်းခံခဲ့ရပြီး လူဦးရေ (၁၀၆၂၄)ဦး အိုးမဲ့အိမ်မဲ့ဖြစ်ကာ ခန့်မှန်းတန်ဖိုးငွေ ကျပ် (၄.၂၇) ဘီလီယံခန့် ဆုံးရှုံးခဲ့ရသည် အတွက် ၂၀၁၅ခုနှစ်အတွင်း မီးလောင်မှုနှင့် မီးလောင်ဆုံးရှုံးမှုများ လျော့နည်းရေးအတွက် အရှိန်အဟုန်တိုးမြှင့်၍ မီးဘေးကြိုတင် ကာကွယ်တားဆီးရေး လုပ်ငန်းများကို ဆောင်ရွက်နေလျက်ရှိကြောင်း မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာနမှ သိရသည်။

သတင်း။  ။ ဝေယံလင်း
ဓါတ်ပုံ။  ။ ဇောင်းညီ
 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  


Viewing all articles
Browse latest Browse all 18345

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>