တာချီလိတ်မြို့၏ မြို့မဈေးအား အဆင့်မြှင့်တင် ဆောက်လုပ်လိုက်ပြီးနောက် မေလထဲတွင် ဖွင့်လှစ်တော့မည် ဖြစ်ရာ မူလ ဈေးရောင်းချသူများနှင့် ပျံကျခုံတန်းများအား နေရာပြန်လည် ချထားပေးရာတွင် အဆင် မပြေမှုများ ဖြစ်ပေါ်နေလျက် ရှိကြောင်း ဈေးသူ၊ ဈေးသားများမှ ပြောဆိုနေကြသည်။
"ပျံကျခုံတွေထဲမှာ လှေကား စစတက်တဲ့ နေရာမှာ ကုမ္ပဏီပိုင် နေရာတွေ သတ်မှတ်ထားတယ်၊ နေရာ ကောင်းတွေပဲ၊ ပိုက်ဆံ ရှာကြံပြီး ပေးနေရတဲ့ ဈေးသည်တွေအတွက်တော့ အခုလို တိုင်တွေခံနေရတဲ့ နေရာရတော့ အဆင်မပြေမှုတွေ ဖြစ်တာပေါ့"ဟု (၈၆)ခုံ ပျံကျဈေးသည်အဖွဲ့မှ ဈေးသည်တစ်ဦးက ပြောသည်။
"ပျံကျခုံတန်းများကို မဲနှိုက်ရောင်းပေးတုန်းက နံပါတ်နဲ့ စနစ်တကျ လုပ်ထားပေးပြီးမှ အခု နေရာချထားပေးတဲ့ အခါမှာ မဲနှိုက်ရောင်းချပေးတုန်းက ရတဲ့နေရာ မဟုတ်ပဲ တခြားတစ်နေရာ ဖြစ်နေတယ်"ဟု ပျံကျဈေးသည် တစ်ဦးမှ တာချီလိတ်သတင်း အေဂျင်စီသို့ ပြောသည်။
"ပျံကျခုံတန်းဆိုရင် အကျယ်အ၀န်းက (၅x၃.၅)ပေ နဲ့ (၃x၃)ပေ ရှိတယ်၊ အဲ့လိုနေရာတွေကို အလကားရထားတာလည်း မဟုတ်ဘူး၊ သတ်မှတ်ဈေးအတိုင်း ပြန်ဝယ်ထားရတာပါ၊ ဒါကို နေရာ ကျဉ်းကျဉ်းလေးရှိနေတဲ့ ခုံကို အလယ်တည့်တည့်မှာ (၂)ပေ၀န်းကျင်လောက်ရှိတဲ့ တိုင်အကြီးကြီးက ခံနေတော့ဘယ်လိုလုပ် ဈေးရောင်းစားရတော့မလဲ..."ဟု ပျံကျဈေးသည် တစ်ဦးကဆိုသည်။
"အခု ဈေးသစ်တော့ ဖွင့်ပွဲမလုပ်ရသေးဘူး၊ ယာယီဈေးကနေ ပြောင်းရွှေ့ဖို့အတွက်တော့ လုပ်နေကြပြီ၊ သားငါးသည်တွေ အပေါ်ထပ်မှာ ပို့ထားတော့၊ သားငါး အညှီအဟောက်တွေကို လူကြားသူကြားထဲ ဘယ်လို သယ်ကြမလဲ၊ ကြာရှည်ဆိုရင် လှေကား အတက်အဆင်းမှာ ချော်လဲနိုင်သလို၊ ဈေးသည်တွေနဲ့ ဈေးဝယ်သူတွေလည်း စကားများနိုင်ကိန်းရှိတယ်.."ဟု ဈေးအပြင်ဘက်တွင် ဖွင့်လှစ်ထားသည့် ကုန်ခြောက်ဈေးသည်တစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
လတ်တလောတွင် နေရာသတ်မှတ်ပေးထားမှုနှင့် ပတ်သက်၍ မပြေမလည် ဖြစ်နေမှုများအတွက် ဈေးသည်များက မြို့နယ်စည်ပင်သာယာရေးကော်မတီသို့ တိုင်စာများပေးပို့ထားရှိကြောင်း နှင့် မေလထဲတွင် ဈေးဖွင့်ပွဲ ပြုလုပ်နိုင်ရေးကို ဦးစားပေး ဆောင်ရွက်နေရသည့်အတွက် ယခုလို မပြေမလည်ဖြစ်မှုများကို ဈေးသစ်ဖွင့်လှစ်ပြီးနောက်ပိုင်းတွင် ဖြေရှင်းပေးသွားမည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူး ဦးကျော်ဇင် ထံမှ သိရသည်။
မြို့မဈေးရှိ ဈေးသည်များအား ယခင်က နေရာချထားပေးရန်အတွက် တွေ့ဆုံပွဲများ၊ အစည်းအဝေးများ နှင့် မဲနှိုက်ပေးမှုများတွင် စည်ပင်သာယာရေးကော်မတီနှင့် ဆောက်လုပ်ရေးကုမ္ပဏီတို့က ဆိုင်ခန်းပိုင်ရှင် ဈေးသည်များအား မူလနေရာများကိုသာ အဓိကထားပေးမှာဖြစ်ပြီး ပျံကျနေရာများကိုတော့ မဲနှိုက်ပေးမှာဖြစ်သည့်အတွက် မဲနှိုက်ပေးစဉ်က မိမိတို့ ရရှိသည့် နေရာတွင်သာ ရောင်းချရမှာ ဖြစ်ကြောင်း ပြောဆိုခဲ့သည်။
သတင်း ။ ။ ကိုဇောင်း
( အလယ်တည့်တည့်တွင် ရှိနေသည့် တိုင်ကြောင့်
ဈေးရောင်းချရန် အခက်အခဲဖြစ်ပေါ်နေသော အုတ်ခုံ )
( ကုမ္ပဏီပိုင် အုတ်ခုံများ )
( အလယ်တည့်တည့်တွင် ရှိနေသည့် တိုင်ကြောင့်
ဈေးရောင်းချရန် အခက်အခဲဖြစ်ပေါ်နေသော အုတ်ခုံ )
"ပျံကျခုံတန်းများကို မဲနှိုက်ရောင်းပေးတုန်းက နံပါတ်နဲ့ စနစ်တကျ လုပ်ထားပေးပြီးမှ အခု နေရာချထားပေးတဲ့ အခါမှာ မဲနှိုက်ရောင်းချပေးတုန်းက ရတဲ့နေရာ မဟုတ်ပဲ တခြားတစ်နေရာ ဖြစ်နေတယ်"ဟု ပျံကျဈေးသည် တစ်ဦးမှ တာချီလိတ်သတင်း အေဂျင်စီသို့ ပြောသည်။
( အလယ်တည့်တည့်တွင် ရှိနေသည့် တိုင်ကြောင့်
ဈေးရောင်းချရန် အခက်အခဲဖြစ်ပေါ်နေသော အုတ်ခုံ )
( င - ၁၁ )
"ဆိုင်ခန်းသမားတွေအတွက် မူလနေရာမှာပဲ သတ်မှတ်ပေးမယ်လို့ ပြောထားတာ၊ အခု ကျွန်တော့် ဆိုင်ခန်းနေရာကို သူများကို ရောင်းချထားပြီး တခြားနေရာကို ပြန်သတ်မှတ်ပေးတယ်၊ အဲ့ဒါနဲ့ ကျွန်တော်လည်း မူလနေရာကိုပဲ ပြန်လည်ရရှိဖို့အတွက် ဒီနေ့ပဲ စည်ပင်ရုံးမှာ စာ ပို့ခဲ့ပါတယ်"ဟု ၀က်သားရောင်းချသည့် ဆိုင်ခန်းအမှတ် ( င - ၁၁ ) ပိုင်ရှင် ဒေါ်နန်းနွန်း၏ သားမှ ပြောသည်။