ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသ၊ တာချီလိတ်ခရိုင်သည် ထိုင်း - မြန်မာ - လာအို နယ်စပ်ဒေသဖြစ်သည့် အတွက် လုပ်အားခေါင်းပုံဖြတ်ခံရခြင်းများ၊ လိင်ပိုင်းဆိုင်ရာ ခေါင်းပုံဖြတ်ခြင်းများ၊ ကိုယ်အင်္ဂါအစိတ်အပိုင်း ထုတ်ယူခြင်းများ၊ အဓမ္မစေခိုင်းမှုများ စသည့် တရားမ၀င် လူကုန်ကူးခံရမှုများကို ကြိုတင်၍ အထူးကာကွယ်နိုင်ရန် ယနေ့ ၂၀၁၄ခုနှစ် စက်တင်ဘာလ(၂၉)ရက် နံနက်(၉)နာရီ အချိန်က တာချီလိတ်ခရိုင်၊ တာလေမြို့နယ်ခွဲ၌ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ပညာပေးဆိုင်းဘုတ်ဖွင့်ပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြသည်။
အဆိုပါ ဆိုင်းဘုတ်ဖွင့်ပွဲ အခမ်းအနားတွင် တာလေမြို့လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ဥက္ကဌ ခေတ္တတာလေမြို့နယ်ခွဲအုပ်ချုပ်ရေးမှူး ဦးဇော်လွင်ထွန်း၊ တာချီလိတ် လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ ဒုတပ်ဖွဲ့စုမှူး ဒုရဲမှူး ရင်ရင်အေး နှင့် World Vision (တာချီလိတ်)တာဝန်ခံ ဒေါ်နန်းခမ်းခေါင် တို့မှ ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးခဲ့ကြသည်။
လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး အသိပညာပေး ဆိုင်းဘုတ်စိုက်ထူပွဲသို့ တာလေမြို့မှ ဌာနဆိုင်ရာများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်လာကြရာ တရားမ၀င် လူကုန်ကူးခြင်းဆိုင်ရာ အသိပညာပေး ပြက္ခဒိန်များနှင့် လက်ကမ်းစာရွက်များ ပေးဝေခဲ့ကြကြောင်း သိရှိရသည်။
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
Facebook: www.fb.com/TachileikNews
Youtube: www.youtube.com/ TachileikNews
Email: tachileik@tachileik.net