Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

တာချီလိတ် ရေကြီးမှုအပြီး ပုန်းထွန်ရပ်ကွက် ဗိုလ်ချုပ်လမ်းပေါ် ရွှံ့နွံများနှင့် ဗွက်ရေများရှင်းလင်း

$
0
0
စက်တင်ဘာလ (၁၇)ရက်နေ့ ညပိုင်းတွင် မိုးများ အဆက်မပြတ်ရွာသွန်းမှု နှင့်အတူ တောင်ကျရေ များကြောင့် စက်တင်ဘာလ (၁၈)ရက်နေ့သို့အကူး နံနက်(၁)နာရီ ၀န်းကျင်မှစ၍ တာချီလိတ်မြို့ပေါ် တာလော့ရပ်ကွက်၊ ပုန်းထွန်ရပ်ကွက် နှင့် ၀မ်ကောင်းရပ်ကွက်တို့တွင် ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့ရာ စက်တင်ဘာလ(၁၈)ရက်နေ့ (၁)ရက်လုံး ရေများ ကျဆင်းသွားမှုမှာ နှေးကွေးခဲ့ပြီး ယနေ့ စက်တင်ဘာလ (၁၉)ရက်နေ့မှာ ကျဆင်းသွားပြီး အချို့သော မြောင်းပိတ်ဆို့နေသည့် နေရာများ နှင့် မယ်ဆိုင်ချောင်းနှင့် အနီးစပ်ဆုံးဖြစ်သည့် အနိမ့်ပိုင်း နေရာများတွင်သာ ရေများ ကျန်ရှိနေသည်ကို တွေ့ရှိရသည်။




ထိုသို့ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့သည့်အတွက် ရွှံ့နွံများ အမှိုက်များ တင်ကျန်နေခဲ့သည့် ပုန်းထွန်ရပ်ကွက် နှင့် တာလော့ရပ်ကွက်တို့တွင် ကိုယ်ထူကိုယ်ထအဖြစ်သော်လည်းကောင်း၊ သက်ဆိုင်ရာ ရပ်ကွက်အဖွဲ့များမှသော် လည်းကောင်း ဆောင်ရွက်နေကြသည်ကိုလည်း တွေ့ရှိရသည်။



လူသူ အသွား အလာများပြားသည့် ပုန်းထွန်ရပ်ကွက် ဗိုလ်ချုပ်လမ်းမပေါ်တွင် ဗွက်ရေများ၊ ရွှံ့နွံများနှင့် အမှိုက်များအား အမြန်ဆုံးရှင်းလင်းနိုင်ရေးအတွက်ကို စည်ပင်သာယာရေးကော်မတီ နှင့် ရှမ်း(ရှေ့) သတ္တုလုပ်ငန်းရှင်များ အသင်း ဥက္ကဌ ဦးမြင့်ဦး နှင့် အဖွဲ့မှ ဆောင်ရွက်နေကြရာ  ရပ်ကွက်သူ၊ ရပ်ကွက်သားများမှလည်း ၀ိုင်းဝန်း အင်အားဖြည့်ကြတာကို တွေ့ရှိရသည်။



ပုန်းထွန်ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းမကြီးအား အမြန်ဆုံးရှင်းလင်းနိုင်ရေးအတွက် ဆောင်ရွက်နေရာသို့  ရှမ်းပြည်နယ်၊ ပြည်နယ်ဒုတိယအုပ်ချုပ်ရေးမှူး ဦးတင်မောင်ဆွေ၊ တာချီလိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ၊ တာချီလိတ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း၊  ကျိုင်းတုံမြို့ စည်ပင်သာယာရေးအဖွဲ့ ပြည်နယ်ရုံးခွဲတာဝန်ခံ ဒုတိယညွှန်ကြားရေးမှူး ဦးလုကာ နှင့် ပြည်နယ်စည်ပင်သာယာရေး ကော်မတီဝင်များ၊  မြို့နယ် စည်ပင်သာယာရေး ကော်မတီ ဥက္ကဌ ဦးစိုင်းကျော်ဇံနှင့် အတွင်းရေးမှူး ဦးကျော်ဇင်၊ မြို့နယ်အထောက်အကူပြု ကော်မတီဝင်များ စသည့် သက်ဆိုင်ရာများမှ လာရောက်ပြီး ရှင်းလင်းရေး လုပ်ငန်းစဉ်အား အမြန်ဆုံး ထိထိရောက်ရောက် ဆောင်ရွက်နိုင်ရန်အတွက် ပေါင်းစပ်ညှိနှိုင်းပေးသည်။




ပုန်းထွန်ရပ်ကွက်တွင် နှစ်စဉ်လိုလို ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့သော်လည်း ယခုနှစ် စက်တင်ဘာလ အတွင်း နှစ်ကြိမ်တိတိ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့သည့်အတွက် "ဒီတစ်ခေါက်ရေကြီးတာ ပထမအကြိမ်ထက် ရေများတယ်၊ ဒါပေမဲ့ ပထမအကြိမ်လို့ နုန်းတွေ အများကြီးမကျန်ခဲ့လို့ တော်သေးတယ်၊"ဟု ပုန်းထွန်ရပ်ကွက်၊ အလူရာဟိုတယ်လမ်းနေသူ တစ်ဦးက တာချီလိတ်အွန်လိုင်းသို့ ပြောသည်။
သတင်း ။  ။ ကိုဇောင်း

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~


Viewing all articles
Browse latest Browse all 18345

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>