ရှမ်းပြည်နယ် အရှေ့ပိုင်း၊ မိုင်းဆတ်ခရိုင်၊ မိုင်းဆတ်မြို့၊ မိုင်းတွမ်းအုပ်စု၊ မအို့ကျေးရွာ၌ မူးယစ်ဆေးဝါးထုတ်လုပ်ရာတွင် အသုံးပြုပြီး ကာလတန်ဖိုးငွေ ကျပ်သိန်းပေါင်း (၄၅၂၈.၀၄)သိန်းတန်ဖိုးရှိသည့် အီသိုင်းအီသာဆေးရည် ဂါလံပေါင်း (၉၀၅၅)ဂါလံကို ၂၀၁၄ခုနှစ် ဇူလိုင်လ(၃၀)ရက်နေ့ ည(၇း၁၅)နာရီအချိန်က သိမ်းဆည်းရမိကြောင်း သတင်းရရှိသည်။
ပူးပေါင်းစီမံချက်ဖြင့် သွားရောက် နယ်မြေရှင်းလင်းရာ၌ မိုင်းတွမ်းနယ်မြေစခန်းတွင် အခြေပြုနေသော ခမရ(၅၅၃)မှ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး ဦးဝင်းမြင့် ဦးစီးသည့်အဖွဲ့၊ မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်မှ ရဲအုပ်ကျော်သူ ဦးစီးသည့်အဖွဲ့၊ တာချီလိတ်ခရိုင် ရဲတပ်ဖွဲ့မှ ရဲအုပ် သောင်းရွှေ ဦးစီးသည့်အဖွဲ့ စသည့် ပူးပေါင်းအဖွဲ့တို့သည် ည(၇း၁၅)နာရီအချိန်ခန့်တွင် မအို့ကျေးရွာရှိ သောက်ရေသန့်ထုတ်လုပ်သည့် ဂိုဒေါင်တစ်ခုအတွင်း မူးယစ်ဆေးဝါးနှင့် ဆက်စပ်၍ သတင်းအခိုင်အမာရရှိထားသည့်အတွက် သွားရောက်ရှာဖွေ စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ရှာဖွေစစ်ဆေးရာတွင် မူးယစ်ဆေးဝါးထုတ်လုပ်ရာ၌ အသုံးပြုသည့် ကာလတန်ဖိုးငွေ ကျပ်သိန်းပေါင်း (၄၅၂၈.၀၄)သိန်းတန်ဖိုးရှိ အီသိုင်းအီသာဆေးရည် ဂါလံပေါင်း (၉၀၅၅)ဂါလံကို ရှာဖွေ သိမ်းဆည်းရရှိကြောင်း သိရသည်။
အဆိုပါ ဆေးရည်များနှင့် ဆက်စပ်သူဟု ယူဆရသူ ဦးစုမ် အား တရားခံပြေးအဖြစ် မိုင်းတွမ်းနယ်မြေရဲစခန်းမှ မယ(ပ)၂/၂၀၁၄၊ မူး/စိတ်ပုဒ်မ ၁၆(ခ) အရ အမှုဖွင့်အရေးယူ ဆောင်ရွက်ထားရှိကြောင်း သတင်းရရှိသည်။

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
web: www.tachileik.net
Facebook: www.fb.com/TachileikNews
Youtube: www.youtube.com/ TachileikNews
Email: tachileik@tachileik.net