မြန်မာနိုင်ငံမူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့၏ တပ်ဖွဲ့စု(၃၀)တာချီလိတ်မှ ၂၀၁၄ခုနှစ် ဇူလိုင်လ(၄)ရက် ည(၁၁)နာရီအချိန်ခန့်က တာချီလိတ်မြို့နယ် ၀ိန်းကျောက်ရပ်ကွက်တွင် ကျပ်သိန်းပေါင်း (၂၉၁၂)သိန်းကျော် တန်ဖိုးရှိသည့် စိတ်ကြွဆေးမှုန့်များနှင့် စိတ်ကြွဆေးပြားများ အပြင် မူးယစ်ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများကို ရှာဖွေသိမ်းဆည်းရရှိကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်မှ ရဲအုပ်စိုင်းခမ်းစိုင်း ဦးစီးနှင့် ပူးပေါင်းအဖွဲ့တို့သည် တာချီလိတ်မြို့နယ် ၀ိန်းကျောက်ရပ်ကွက် အိမ်အမှတ်(---)ရှိ နေအိမ်အခန်းငှားတစ်ခုတွင် မူးယစ်ဆေးဝါးနှင့် ပတ်သက်သည့်သတင်းကို ရရှိထားသည့်အတွက် အဆိုပါ အချိန်တွင် သွားရောက် ရှာဖွေရာ အိမ်ရှင်ဖြစ်သူများမှာ နေအိမ်တွင် ရှိမနေပဲ တိမ်းရှောင်လျက်ရှိပြီး နေအိမ်အခန်းအတွင်းသို့ ဆက်လက်၍ ရှာဖွေရာ အိပ်ခန်းအတွင်း၏ ကြမ်းပြင်ပေါ်ရှိ ကတ်ထူစက္ကူဗန်းပေါ်တွင် စိတ်ကြွဆေးပြား ထုတ်လုပ်ရန်အတွက် အသင့်ရောစပ်ထားသော အနီရောင် စိတ်ကြွဆေးမှုန့်အလေးချိန် (၄.၆)ကီလိုပါ (၁)ဗန်းနှင့် (၆.၂)ကီလိုပါ (၁)ဗန်း၊ စုစုပေါင်း (၁၀.၈)ကီလိုရှိရာ အဆိုပါ မူးယစ်ဆေးဝါးများ၏ ကာလတန်ဖိုးမှာ ကျပ်သိန်းပေါင်း (၂၇၀၀)ခန့်ရှိကြောင်း သိရသည်။
ဆက်လက်၍ ရှာဖွေရာ အဆိုပါ အခန်းအတွင်းမှပင် Syif SF-400A စာတမ်းပါ ဒစ်ဂျစ်တယ်ချိန်ခွင်တစ်လုံး၊ ပလပ်စတစ်လက်အိတ်(၇)ခု၊ ပလပ်စတစ်ဇလုံ(၂)ခု၊ ဇွန်းကြီး(၂)ခုအား လည်းကောင်း၊ မီးဖိုချောင် အနောက်ဖက်မှ အဖြူရောင် ပလပ်စတစ်ဗူးဖြင့် ထည့်ထားသည့် Wy စာတမ်းပါ ပန်းရောင် စိတ်ကြွဆေးပြား (၈၄၈၀)ပြား အလေးချိန် (၈၄၈)ဂရမ်ရှိရာ ကာလတန်ဖိုးမှာ ကျပ်သိန်းပေါင်း (၂၁၂)သိန်းရှိကြောင်း သိရသည်။
ဆက်လက်၍ ရှာဖွေရာတွင်လည်း ပြစ်မှုကျူးလွန်သူဟု ယူဆရသူတို့၏ ဓါတ်ပုံများ၊ စာရွက်စာတမ်းများ၊ ထိုင်းဖုန်းများ နှင့် လက်လှည့်မွှေစက်တို့ကို ထပ်မံတွေ့ရှိရ၍ သိမ်းဆည်းခဲ့ကြသည်။
ကျပ်သိန်းပေါင်း (၂၉၁၂)သိန်းကျော် တန်ဖိုးရှိသည့် စိတ်ကြွဆေးမှုန့်များနှင့် စိတ်ကြွဆေးပြားများကို မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ် ပူးပေါင်းအဖွဲ့မှ သိမ်းဆည်းခဲ့ကြပြီး တိမ်းရှောင်လျက်ရှိသူ နှစ်ဦးအား စုံစမ်းဖော်ထုတ်ပြီး ဥပဒေအရ အရေးယူပေးနိုင်ရန်အတွက် ရဲအုပ်စိုင်းခမ်းစိုင်းမှ တရားလိုပြုတိုင်တန်းရာ တာချီလိတ်မြို့မရဲစခန်းမှ မယ(ပ)၉၄/၂၀၁၄၊ မူး/စိတ်ပုဒ်မ ၁၉(က)အရ အရေးယူ ဆောင်ရွက်ထားရှိကြောင်း တာချီလိတ်အွန်လိုင်းမှ သတင်းရရှိသည်။

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
web: www.tachileik.net
Facebook: www.fb.com/TachileikNews
Youtube: www.youtube.com/ TachileikNews
Email: tachileik@tachileik.net