Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

တာချီလိတ်မြို့ နမ့်ယွန်းချောင်းပေါ် ခွ၍ဈေးခန်းဆောက်ရန် ပြင်ဆင်မှု ဒေသခံ အများအပြားမှ သဘောမတူ

$
0
0
နိုင်ငံခြားသားခရီးသွားများ အများပြားလာလျက်ရှိသည့် ထိုင်း - မြန်မာ နယ်စပ် တာချီလိတ်မြို့နယ်တွင် လူနေမှု တိုးပွားလာသည်နှင့်အမျှ မြို့နယ်ဖွံ့ဖြိုးတိုးတက်မှုသည် ပြောင်းလဲလာပြီဖြစ်သော်လည်း မြို့လယ်ဟု ပြောရမည့် ၀မ်ကောင်းရပ်ကွက် နှင့် မကာဟိုခမ်းရပ်ကွက်ကြားရှိ နမ့်ယွန်းချောင်းငယ်သည် ယခုအခါမှာ မြို့မဈေးအတွက် ပျံကျဈေးခန်းများ ဆောက်လုပ်ရန် စီစဉ်နေမှုနှင့် ပတ်သက်၍ ရေစီးရေလာအတွက် ကျဉ်းမြောင်းသွားနိုင်ဖွယ်ရှိပြီး အနီးအနားရှိ အိမ်များသို့ ရေလျှံမှုများ ဖြစ်ပေါ်လာနိုင်သည့်အတွက် ချောင်းတစ်လျှောက် အနီးတစ်ဝိုက်ရှိ ပြည်သူများမှ မိုးတွင်းအခါ ပိုမို၍ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လာမည်ကို စိုးရိမ်ပူပန်နေကြကြောင်း ကြားသိရသည်။

( ချောင်းထဲ ထည့်မည့် ကျောက်များ ပုံထားပုံ )

 မဟာမြတ်မုနိဘုရားကြီးကျောင်းတိုက်အပိုင်ဖြစ်သော ၀မ်ကောင်းရပ်ကွက်နှင့် မကာဟိုခမ်းရပ်ကွက်ရှိ ၀တ္တကမြေနေရာတွင် မြို့မဈေးအတွက် ပျံကျဆိုင်ခန်းများအဖြစ် နမ့်ယွန်းချောင်းအား ခွပြီး ဆောက်လုပ်ရန် စတင်၍ ချောင်းအတွက် ကျောက်ကြီးများ ချထားနေမှုနှင့်ပတ်သက်ပြီး မဟာမြတ်မုနိဆရာတော်ဘုရားကြီး နှင့် ၀မ်ကောင်းရပ်ကွက်မှ ရပ်ကွက်သူရပ်ကွက်သားများ အပြင် မကာဟိုခမ်းရပ်ကွက်မှ ရပ်ကွက်သူ၊ ရပ်ကွက်သားများမှ သဘောမတူညီနိုင်ကြောင်း ကန့်ကွက်ထားကြောင်း သိရသည်။

( ကျောက်ကြီးများ ချောင်းထဲတွင် ဘယ်ညာ ထည့်ထားပုံ )

"ကျွန်တော်တို့က ဒီဒေသခံတွေပါ သက်ဆိုင်ရာတွေအနေနဲ့က သက်တမ်းပြည့်သွားရင် ဒီက သွားကြမှာ ကျန်ခဲ့မှာက ကျွန်တော်တို့၊ အဲ့ဒီအတွက် ခဏတာကို မကြည့်ပဲ ရေရှည်ကို ကြည့်ပေးဖို့လိုပါတယ်၊ မိုးတွင်းဆိုရင် ဒီချောင်းက ရေတော်တော်ကြီးတယ်၊ ချောင်းက ကျဉ်းသွားရင် ဘယ်လိုလုပ်မလဲ၊ ကျွန်တော်တို့ပဲ ဒုက္ခရောက်ကုန်မှာပဲ၊ အဲ့ဒီအတွက် ဒီကိစ္စကိုတော့ လုံးဝ ကန့်ကွက်ပါတယ်"ဟု ၀မ်ကောင်းရပ်ကွက် နမ့်ယွန်းချောင်းဘေးရှိ ဈေးသည်တစ်ဦးမှ တာချီလိတ်အွန်လိုင်းသို့ ပြောသည်။

( မိုးတွင်းအခါ ရေကြီးရေလျှံလာသည့် နမ့်ယွန်းချောင်း )

နမ့်ယွန်းချောင်းအား ခွ၍ ဆောက်လုပ်ရန် ပြင်ဆင်နေမှုကို မဟာမြတ်မုနိဆရာတော်ဘုရားကြီးအနေဖြင့် မသိရှိကြောင်း ယခုမှ သိရှိတော်မူသည့်အတွက် သဘောမတူကြောင်းနှင့် ယခုလမ်းသည် ကျောင်းတိုက် အပိုင်ဖြစ်သော်လည်း လူသူသွားလာမှု လွယ်ကူစေရန်အတွက် လမ်းအဖြစ် ပြုလုပ်ပေးထားတာဖြစ်ကြောင်း ထို့အတွက် စည်ပင်သာယာရေးမှ ဆက်လက်လုပ်ဆောင်သွားပါက ဆရာတော်ဘုရားကြီးအနေဖြင့် ပြင်းထန်စွာ ကန့်ကွက်သွားနိုင်ဖွယ်ရှိကြောင်းနှင့် နိုင်ငံတော်သမ္မတရုံးထိပါ တိုင်ကြားသွားနိုင်ဖွယ်ရှိကြောင်း ဆရာတော်ဘုရားကြီး၏ ဒါယကာတစ်ဦးမှ တာချီလိတ်အွန်လိုင်းသို့ တဆင့်ပြောလာသည်။

( လက်ရှိ ချောင်းတွင် ကျောက်များ ထည့်ထားသည့် မြင်ကွင်း )

"နမ့်ယွန်းချောင်းက တကယ့်မြို့ထဲမှာ၊ နိုင်ငံခြားသားတွေလည်း လမ်းသွား လမ်းလာ တွေ့နေရတဲ့ ချောင်း၊ ကြည့်လိုက်ရင် ညစ်ပတ်နေတာပဲ၊ သန့်ရှင်းအောင် ဒါမှမဟုတ် မယ်ဆိုင်ကလို ကြည့်ကောင်းအောင် လုပ်မယ်မစဉ်းစားပဲ ချောင်းပေါ်တောင် ခွပြီး ဆောက်မယ်ဆိုတော့ ရေကြီးရေလျှံဖြစ်ရင် ဘယ်သူက ပိုခံစားရမလဲ စဉ်းစားသာကြည့်တော့ဗျာ.."ဟု ၀မ်ကောင်းရပ်ကွက်မှ ရပ်မိရပ်ဖတစ်ဦးမှလည်း ပြောသည်။

"ဒီနမ့်ယွန်းချောင်းက နဂိုကတည်းက ကျဉ်းကျဉ်းလေး၊ မိုးကြီးလို့ ရေလျှံလာရင် ချောင်းတောက်လျှောက် ရေလျှံတယ်၊ အဲ့ဒီချောင်း အနီးအနားက အိမ်တွေထဲ ရေတွေဝင်၊ တစ်ခါတလေ မြွေတွေတောင်ပါလာတယ်လို့ ကျွန်တော့်မိတ်ဆွေက ပြောဖူးတယ်၊ ဒီချောင်းဟာ မြို့အလယ်မှာ အရမ်းရုပ်ဆိုးနေသလိုဖြစ်နေတယ်၊ ဒီချောင်းကို သက်ဆိုင်ရာတာဝန်ရှိသူတွေအနေနဲ့ ရေစီးရေလာကောင်းအောင်လို့ တူးဖော်မှုတွေလုပ်ပြီး မယ်ဆိုင်မြို့ထဲက မြို့တွင်းချောင်းတွေလို ကြည့်လို့လှအောင် လုပ်မယ်ဆိုရင်တော့ အားပေးပါတယ်၊ အခုလို အများအကျိုးမရှိတဲ့ အလုပ်မျိုးတော့ လုံးဝ ကန့်ကွက်တယ်"ဟု ဒေသခံ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးမှလည်း ပြောလာသည်။

မြို့မဈေးအား ယခုအခါမှာ အသစ်ပြန်လည်၍ အဆင့်မြင့်ဈေးအဖြစ် တည်ဆောက်နေလျက်ရှိရာ ပြီးစီးမှု အနေအထားမှာ ၈၀ ရာခိုင်နှုန်းရှိပြီဖြစ်ကြောင်း သိရှိရသည်။
သတင်း ။  ။ ကိုဇောင်း

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

Viewing all articles
Browse latest Browse all 18345

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>