ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေသက်ခင်သည် ယနေ့ဖေဖော်ဝါရီလ(၁၅)ရက်၊ နံနက် (၇)နာရီခွဲက ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဖြတ်မြို့နယ်ပြည်သူ့ဆေးရုံသို့ ရောက်ရှိပြီး အမျိုးသား၊ အမျိုးသမီး လူနာဆောင်များ၊ ကလေးကုသဆောင်၊ ဓာတ်ခွဲခန်း၊ ဆေးသိုလှောင်ခန်း၊ ခွဲစိတ်ခန်း၊ သားဖွားခန်း၊ ဓာတ်မှန်ခန်းတို့ကို ကြည့်ရှုစစ်ဆေးပြီး၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်ကျန်းမာရေး ကြီးကြပ်မှုကော်မတီဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့နယ်ဆရာဝန်နှင့် သူနာပြုများ၊ ဒေသခံတိုင်းရင်းသား ပြည်သူများနှင့် တွေ့ဆုံကာ နိုင်ငံတော်၏ ကျန်းမာရေး အဆင့်မြင့်မားရေး ဆောင်ရွက်ရာတွင် ဒေသအုပ်ချုပ်ရေးအဖွဲ့များ၊ ပြည်သူလူထု၊ လူမှုရေးအသင်းအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်ပေးရန် လိုအပ်ကြောင်း၊ ကောင်းမွန်သော ကျန်းမာရေး စောင့်ရှောက်မှု ပေးခြင်းအားဖြင့် ပြည်သူများနှင့် ကျန်းမာရေးဝန်ထမ်းများ အပြန်အလှန် အကျိုးပြုမည်ဖြစ်ကြောင်း၊ ၀န်ထမ်းများ အချင်းချင်း စည်းလုံးညီညွတ်မှုရှိရန် လိုအပ်ကြောင်း၊ အဓိကဆေးဝါးများကို အခမဲ့ဖြန့်ဝေထားကြောင်း၊ ဆေးရုံနှင့်ကျေးလက်ကျန်းမာရေးဌာနခွဲများကို ရေရှည်တည်တံ့အောင် ၀ိုင်းဝန်းစောင့်ရှောက်ကြန်ရန်နှင့် ကျန်းမာရေးဝန်ကြီးဌာနမှလည်း လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာ ထွန်းဝင်း က ကျန်းမာရေး စောင့်ရှောက်ပေးနိုင်မှု အခြေအနေများနှင့် ပံ့ပိုးဖြည့်ဆည်း ဆောင်ရွက်ပေးရမည့် လုပ်ငန်းများအား ရှင်းလင်းတင်ပြပြီး၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်အုန်း က ဖြည့်စွက်ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီး က လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး နှင်အဖွဲ့သည် မွန်းလွဲ(၁)နာရီတွင် မိုင်းယောင်းမြို့သို့ရောက်ရှိပြီး ဗလမင်းထင် ခန်းမ၌ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ လူမှုရေး အသင်းအဖွဲ့များ၊ ဒေသခံတိုင်းရင်းသား ပြည်သူများနှင့် တွေ့ဆုံကာ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ အပေါ် လိုအပ်ချက်များအား မေးမြန်း၍ ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးသည်။ ထိုမှတဆင့် မိုင်းယောင်းမြို့ပြည်သူ့ဆေးရုံ၌ ကျန်းမာရေးဝန်ထမ်းများနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။

သတင်းပေးပို့သူ။ ။ ဝေယံလင်း(မိုင်းဖြတ်)
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
web: www.tachileik.net
Facebook: www.fb.com/TachileikNews
Youtube: www.youtube.com/ TachileikNews
Email: tachileik@tachileik.net