Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

NLD ဦးဆောင်သည့် အမှိုက်ကောက် လှုပ်ရှားမှုသည် ပါတီစည်းရုံးရေး မဟုတ်သည့်အတွက် ပြည်သူများ ပါဝင်လာခြင်းဖြစ်ဟုဆို

$
0
0
မြို့ရွာသန့်ရှင်းရေးအဖြစ် NLD ဦးဆောင်ပြီး ပြည်သူများ ပါဝင်သည့် အမှိုက်ကောက်မှု အစီအစဉ်သည် ပါတီ စည်းရုံးရေး လုပ်တာမဟုတ်သည့်အတွက် ပြည်သူများမှ ပြည်သူတစ်ယောက်၏ တာဝန်အဖြစ် ပူးပေါင်း ပါဝင်လာခြင်း ဖြစ်သည်ဟု အမှိုက်ကောက်ရာတွင် ပါဝင်သူများက ဆိုသည်။


"NLD ဦးဆောင်တဲ့ အမှိုက်ကောက်မှုဟာ ပါတီစည်းရုံးရေးအတွက် လုပ်တာမဟုတ်ဘဲ၊ မြို့ရွာသန့်ရှင်းရေး အတွက် အင်တိုက်အားတိုက် ပြည်သူများနဲ့ ပူးပေါင်း ဆောင်ရွက်နေတာဖြစ်တဲ့အတွက်၊ ပါတီစွဲ၊ ပုဂ္ဂိုလ်စွဲ ကင်းပြီး ပါဝင်လာခဲ့ကြတဲ့ လူတွေများပါတယ်၊ ပါတီစည်းရုံးရေးအတွက် လုပ်တာမျိုးတွေ ဆိုရင်တော့ တော်ရုံတန်ရုံ မပါဝင်ချင်ကြပါဘူး၊ အဓိက ကတော့  ပြည်သူတစ်ယောက်အနေနဲ့ ပူးပေါင်းပါဝင်မှုသာ ဖြစ်ပါတယ်.."ဟု ဒေသခံ ဦးစိုင်းရှဲန်က ဆိုသည်။


ဒီဇင်ဘာလ(၂၀)ရက် နံနက်အစောပိုင်းက တာချီလိတ်မြို့ ရှမ်းရိုးမကွင်း နှင့် ပြည်သူ့ဆေးရုံတို့တွင် စုပေါင်း အမှိုက်ကောက်မှုတွင် ၎င်းမှ ပြောသွားခြင်း ဖြစ်သည်။


"အမှိုက်ပစ်တာဟာ တာဝန်မဲ့လုပ်တဲ့ ကိစ္စပဲလေ။ တချို့ တာဝန်မဲ့ပြည်သူတွေဆို ကိုယ့်အိမ်က အမှိုက်ထုပ်ကို သူများအိမ်ရှေ့မှာ သွားပစ်တာလည်း တွေ့နေရတာပဲ။ နောက်တစ်ချက် တာဝန်ရှိ ဌာနတွေလည်း အထူးသဖြင့် စည်ပင်ပေါ့။ မိမိယူထားတဲ့ တာဝန်ကို ဥပဒေနဲ့ တပြေးညီ မပျက်မကွက် လုပ်ဆောင်သင့်ပါတယ်။ အဓိက ပြောချင်တာ ပြည်သူပဲဖြစ်ဖြစ်၊ ဌာနဆိုင်ရာပဲဖြစ်ဖြစ် ကိုယ့်တာဝန်ကိုယ် ကျေမယ်ဆိုရင် ယခုလို အမှိုက်ကောက်စရာ မလိုဘူးပေါ့ "ဟု အမှိုက်ကောက်ရာတွင် ပါဝင်သော တာချီလိတ်မြို့မှ ဦးဇော်မြင့်က ပြောသည်။


အပတ်စဉ် တနင်္ဂနွေနေ့ နေ့တိုင်း  စုပေါင်း အမှိုက်ကောက်ခြင်း ဆောင်ရွက်ရာမှာ လိုအပ်သည့် အမှိုက်အိတ်၊ လက်အိတ်များနှင့် တံမြက်စည်းများ စသည်တို့ကိုလည်း အမှိုက်ကောက်သည့် နေ့မှာဖြစ်စေ၊ တာချီလိတ် NLD ရုံးမှာ ဖြစ်စေ လာရောက် လှူဒါန်းနိုင်ကြောင်း သိရသည်။


"တစ်ဖက်နိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံနဲ့ ယှဉ်ကြည့်မယ်ဆိုရင်လည်း သမီးတို့ဖက်က စည်းကမ်းမဲ့ အမှိုက်ပစ်ခြင်းဟာ အတော်ကိုများပါတယ်။ သမီးတို့ တာချီလိတ်မှာ နိုင်ငံခြားသားတွေ ၀င်တာလည်း များပါတယ်။ ဒါကြောင့် သူတို့အနေနဲ့ လမ်းပေါ်က အမှိုက်တွေကိုကြည့်ပြီး အထင်မသေးအောင် အမှိုက်မပစ်ဖို့ တောင်းဆိုပါတယ်.."ဟု ရွှေမဟာကိုယ်ပိုင်အထက်တန်းကျောင်းမှ ကိုးတန်းကျောင်းသူ မခြူးစန္ဒီထက်က ပြောသည်။


တာချီလိတ်မြို့တွင် NLD ဦးဆောင်သည့် အဖွဲ့မှ ဒီဇင်ဘာလ ၁၃ ရက်က စတင်ပြီး ပထမဆုံးအကြိမ် အမှိုက်ရှင်းလင်းခြင်းကို အမျိုးသားဒီမိုကရေစီအချုပ်မှ အနိုင်ရ လွှတ်တော်ကိုယ်စားလှယ်များနှင့်အတူ လူမှုရေးအသင်းအဖွဲ့များ၊ ကျောင်းသား ကျောင်းသူများ ၊ မြို့သူမြို့သားများနှင့် စည်ပင်သာယာရေးဌာနမှ ဝန်ထမ်းများ အပါအဝင် အင်အား ၂၀၀ ကျော်ဖြင့် ဆောင်ရွက်ခဲ့ကြခြင်းဖြစ်ပြီး၊ တနင်္ဂနွေနေ့တိုင်း လုပ်ဆောင်နေခြင်းဖြစ်ရာ လာမည့် တနင်္ဂနွေနေ့တွင် တာချီလိတ်မြို့ပေါ်ရှိ ဈေးများ ၊ တာချီလိတ် ရွှေတိဂုံဘုရား နှင့် ကျောင်းများတွင်လည်း ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း တာချီလိတ် NLD မှ သိရသည်။

ဓါတ်ပုံ/သတင်း။  ။ ဇောင်းညီ

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  


~~~~~~~~~~ ကြော်ငြာ ~~~~~~~~~


Viewing all articles
Browse latest Browse all 18345

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>