တာချီလိတ်မြို့နယ်ပညာရေးမှူးဖလား အသက်(၁၂)နှစ်အောက် ဘောလုံးပြိုင်ပွဲ၏ ဗိုလ်လုပွဲကို (၇.၈.၂၀၁၃)ရက်နေ့ နံနက် ၉နာရီတွင် တာချီလိတ်မြို့နယ် အားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့ကြသည်။
အဆိုပါ ဗိုလ်လုပွဲတွင် အ.ထ.က မိုင်းကိုးအသင်းနှင့် မူလွန်ရန်အောင်မြေအသင်းတို့ ယှဉ်ပြိုင်ကြရာ အ.ထ.က မိုင်းကိုးအသင်းက ၄ ဂိုး ၂ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ အဆိုပါ ပြိုင်ပွဲတွင် ပထမဆုရရှိသော မိုင်းကိုး အ.ထ.က အသင်းနှင့် ကျောင်းအား မြို့နယ်ပညာရေးမှူး ဦးစိန်ထွန်းလှက ဆုချီးမြှင့်ပေးခဲ့ပြီး ဒုတိယဆုရရှိသော အသင်းအား မြို့နယ်အား/ကာဦးစီးအရာရှိမှ ဆုချီးမြှင့်ခဲ့ပါသည်။
အဆိုပါဘောလုံးပြိုင်ပွဲ ဖြစ်မြောက်ရေးအတွက် ရွှေမဟာ ကိုယ်ပိုင်အထက်တန်းကျောင်း အပါအ၀င် မိဘပြည်သူများနှင့် ဌာနဆိုင်ရာများက ကူညီပံ့ပိုးခဲ့ကြပြီး အလားတူ အသက်(၁၆)နှစ်အောက် မြို့နယ်ပညာရေးမှူးဖလား ဘောလုံးပြိုင်ပွဲများကို သြဂုတ်လ ၂၆ ရက်နေ့တွင် စတင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရှိရသည်။
သတင်းပေးပို့သူ။ ။မြတ်မျိုးမြင့်မာန်