Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

တာချီလိတ် မြို့မဈေးမှ ပျံကျဈေးသည်များနှင့် အခြား ဈေးသည်များ ဘုရင့်နောင်ပုဂ္ဂလိကဈေးသို့ ပြောင်းရွှေ့လာ

$
0
0
အဆင့်မြှင့်တင် ဆောက်လုပ်ပြီးစီးသွားပြီး မကြာမီကာလအတွင်း ဖွင့်ပွဲပြုလုပ်တော့မည့် တာချီလိတ်မြို့မဈေးတွင် နေရာမရရှိသည့် အာခါတန်း ပျံကျဈေးသည်များ နှင့် အခြားဈေးသည်များသည် တာချီလိတ်မြို့ ၀မ်ကောင်းရပ်ကွက် အတွင်းရှိ ဘုရင့်နောင်ပုဂ္ဂလိကဈေးသို့ ယနေ့ မေလ(၂)ရက်နေ့တွင် ပြောင်းရွှေ့လာကြောင်း သိရသည်။


"ကျွန်မတို့လို တစ်နေ့ရောင်းရမှ တစ်နေ့စားရတဲ့ ပျံကျဈေးသည်တွေ အနေနဲ့ ငွေမတတ်နိုင်တော့ နေရာမရဘူး၊ ငွေတတ်နိုင်တဲ့ လူတွေပဲ နေရာရတယ်၊ အခု ဈေးလည်း ဖွင့်နေပြီ ကျွန်မတို့ အတွက် နေရာမရှိလို့ အားလုံးပဲ ဘုရင့်နောင်ဈေးကို ရွှေ့လာကြတာ၊ ဒီမှာတော့ နေရာတွေက အဆင်ပြေတယ်၊ ရောင်းရမဲ့ နေရာကလည်း ကျယ်လည်းကျယ်တယ်လေ.."ဟု အာခါတန်း ပျံကျဈေးသည် အမျိုးသမီးတစ်ဦးက ပြောသည်။



မြို့မဈေးတွင် နေရာမရရှိဘဲ ကျန်ရှိနေသည့် အာခါတန်း ပျံကျဈေးသည်များနှင့် အခြားပျံကျဈေးသည် များသည် ယနေ့ မေလ(၂)ရက် နံနက်ပိုင်းတွင် ဈေးရောင်းချရန်အတွက် မဟာမြတ်မုနိကျောင်းတိုက်၏ ၀တ္တကမြေအတွင်း၌ နေရာလုရာမှာ ဈေးသည်အချင်းချင်း အချင်းများပြီး ရိုက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။




တာချီလိတ်မြို့ မဟာမြတ်မုနိဘုရားကြီးကျောင်းတိုက်၏ ၀တ္တကနယ်မြေနှင့် ပတ်သက်၍ "လူသွားလမ်း၊ နတ်သွားလမ်းဆိုတာရှိတယ်၊ မည်သူမဆို သွားလာနိုင်ရန်အတွက် ဒီလမ်းကို ဖွင့်ပေးထားတာ၊ ဗုဒ္ဓဘာသာဆိုရင် ၀တ္တကမြေကို မထိကောင်းဘူး၊ ဗုဒ္ဓဘာသာဆိုတာ ဘုရားမြေ တရားမြေကို စောင့်ရှောက်ရမှာ အဲ့ဒီအတွက် ဒီနေရာမှာ ဈေးရောင်းဖို့မသင့်သလို ဘုန်းဘုန်းလည်း ခွင့်မပြုနိုင်ဘူး.."ဟု မဟာမြတ်မုနိဆရာတော်ဘုရားကြီးမှ ဈေးသည်များ သိရှိနိုင်ရန်အတွက် တာချီလိတ်သတင်းအေဂျင်စီမှ တဆင့် မိန့်ကြားတော်မူသည်။



ဈေးရောင်းချရန် နေရာမရှိသည့် ပျံကျဈေးသည်များ အနေဖြင့် မြို့မဈေးနှင့် မနီးမဝေးဖြစ်သော ဘုရင့်နောင်ပုဂ္ဂလိကဈေးသို့ သွားရောက်ပြီး ယနေ့ နံနက်ပိုင်းမှ ညနေပိုင်းအချိန်ထိ နေရာဦးခြင်း၊ အမည်စာရင်းများ ပေးသွင်းခြင်းများ ပြုလုပ်နေကြောင်း သိရသည်။


"အာခါတန်း ပျံကျနေရာများ အတွက်ကို မေလနဲ့ ဇွန်လ နှစ်လတိတိကို အခမဲ့ ပေးရောင်းသွားမှာပါ၊ နှစ်လကျော်သွားရင်တော့ သန့်ရှင်းရေးခအဖြစ် (၅)ဘတ်ထက် ပိုမကောက်ပါဘူး..."ဟု ဘုရင့်နောင်ပုဂ္ဂလိကဈေးပိုင်ရှင် ဦးထွန်းနေဦးမှ ပြောသည်။



ဘုရင့်နောင်ပုဂ္ဂလိကဈေးအတွင်း ပျံကျခုံနေရာများနှင့် ပတ်သက်၍ "ကျွန်တော်တို့အနေနဲ့ ပျံကျခုံနေရာနဲ့ သုံးထပ်ဆိုင်ခန်းငှားခတွေကို အဆင်ပြေအောင်လို့ ငှားပေးသွားမှာပါ၊ ဈေးနှုန်းထပ်တိုးကောက်ဖို့ အစီအစဉ် မရှိပါဘူး"ဟု ၎င်းမှ ဆက်လက် ရှင်းပြသည်။

ကုန်မာပစ္စည်းများနှင့် ကုန်ခြောက်ပစ္စည်းများ၊ တစ်နေကုန် ဟင်းသီးဟင်းရွက်သည်များ စသည့် ပစ္စည်းများ ရောင်းချနိုင်ရန်အတွက် ပြုလုပ်ပေးထားသော  အကျယ်(၆ x ၁၀)ပေရှိသည့် ပျံကျခုံတန်းများကို  မေလနဲ့ ဇွန်လအထိ နှစ်လတိတိကို  တစ်ခုံလျှင် တစ်နေ့ သန့်ရှင်းရေးခ အဖြစ် (၁၀)ဘတ်သာ ကောက်ခံသွားမှာ ဖြစ်ပြီး နှစ်လပြည့်သွားပြီးနောက် တစ်ခုံလျှင် လခအဖြစ် တစ်လလျှင်(၁၀၀၀)ဘတ် နှင့် သန့်ရှင်းရေးခအဖြစ် တစ်လလျှင်(၃၀၀)ဘတ် စုစုပေါင်း (၁၃၀၀)ဘတ်သာ ကောက်ခံမှာဖြစ်ကြောင်း ဦးထွန်းနေဦးမှ ဆက်လက်၍ တာချီလိတ်သတင်းအေဂျင်စီသို့ ပြောပြသည်။

"ဒီနေရာကို ကျွန်မတို့ ဟင်းသီးဟင်းရွက်တန်း တော်တော်များများ ပါလာသလို၊ တခြားဈေးသည်တွေလည်း တော်တော်များများပါလာတယ်၊  မြို့မဈေးကနေ ဈေးသည်တွေ ဒီကိုပြောင်းလာကြဖို့ ရှိသေးတယ်..."ဟု ဟင်းသီးဟင်းရွက်သည် အမျိုးသမီးတစ်ဦးမှ ဆိုသည်။


"မြို့မဈေးဆိုတာ ပျံကျဈေးသည်တွေကနေ ပေါက်ဖွားလိုက်တဲ့ ဈေးပါ၊ တစ်ချို့ဆိုရင် ဟင်းသီးဟင်းရွက်တွေ လာဝယ်ရင်း အ၀တ်အထည်တွေ ၀ယ်သွားတာလည်းရှိတယ်၊ အ၀တ်အထည် သီးသန့် ၀ယ်ချင်လို့ ဈေးထဲကို လာကြတာ ရှိတော့ရှိတယ် နည်းတယ်ပေါ့၊ အ၀တ်အထည်သီးသန့် ၀ယ်ချင်ရင် မိန်းလမ်းဘေးက ဆိုင်တွေမှာလည်း ၀ယ်လို့ရကြတာပဲ.."ဟု မြို့မဈေးမှ အထည်ဆိုင် အမျိုးသမီးတစ်ဦးက ပြောသည်။


အကျယ်အ၀န်း (၆)ဧကခန့်ရှိသည့် ဘုရင့်နောင်ပုဂ္ဂလိကဈေးအတွင်းတွင် လူနေဆိုင်ခန်း စုစုပေါင်း (၉၃)ခန်း နှင့် သတ်မှတ်အကျယ်အ၀န်းများအလိုက် လူမနေဆိုင်ခန်း (၈၇)ခန်း အပြင် ပျံကျဈေးရုံတွင် (၆x၁၀)ပေ အကျယ်အ၀န်းရှိသည့် ဈေးခုံပေါင်း (၃၆၀)ခုံ နှင့် ပျံကျ စားသောက်ဆိုင် အကွက်(၁၀)ကွက် သတ်မှတ်ထားရှိပြီး နေ့စဉ် ယာဉ်ရပ်နားရန် ကားအတွက် (၁၅၆x၇၂)ပေ အကျယ်အ၀န်းရှိ နေရာတွင် ကားအစီး (၆၀)ခန့် ရပ်နားနိုင်ရန် ပြုလုပ်ပေးထားပြီး ဆိုင်ကယ်အစီး(၅၀၀)ခန့် ရပ်နား၍ရရန်နေရာတို့ကိုလည်း သတ်မှတ်ထားရှိကြောင်း သိရှိရသည်။

သတင်း ။  ။ ကိုဇောင်း
 #TachileikNewsAgency
#TachileikOnlineNews
www.tachileik.net  


Viewing all articles
Browse latest Browse all 18345

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>