.jpg)
“အာခါတိုင်းရင်းသားတွေက ထိုင်းနိုင်ငံ၊ လာအိုနိုင်ငံ၊ တရုတ်နိုင်ငံ၊ ဗီယက်နမ်နိုင်ငံနဲ့ မြန်မာနိုင်ငံမှာ နေထိုင်ကြပါတယ်၊ အာခါတိုင်းရင်းသားတွေက နေရာဒေသနဲ့ လူမျိုးစု လိုက်ပြီး ၀တ်စားဆင်ယဉ်မှု ပုံသဏ္ဍာန်ပြောင်းသွားကြပါတယ်၊ ဒါပေမယ့် ဟန်နီ(အာခါ)နဲ့ အားခေ(အာခါ)ကလွဲပြီး ကျန်လူမျိုးစုတွေရဲ့ ဘာသာစကားတွေက (၉၅%)လောက် တူကြပါတယ်”ဟု အာခါစာပေနှင့်ယဉ်ကျေးမှုအဖွဲ့ အတွင်းရေးမှူး ဦးအားလယ်မှ ရှင်းပြသည်။
- (က) အာခါတိုင်းရင်းသား အချင်းချင်း ရင်းနှီးလာစေရန်၊ အခြားပြည်ထောင်စုတိုင်းရင်းသားများနှင့်လည်း ပိုမိုရင်းနှီးလာစေရန်၊
- (ခ) အာခါတိုင်းရင်းသားများ အာခါစာပေ တတ်မြောက်လာစေရန်၊
- (ဂ) အာခါတိုင်းရင်းသားများ ပူးပေါင်းဆောင်ရွက်တတ်သော အလေ့အထများ ပိုမိုတိုးတက်လာစေရန်၊
- (ဃ) အာခါတိုင်းရင်းသားများ မိမိတို့၏ ဘာသာစကား၊ ရိုးရာဝတ်စားဆင်ယင်မှုဖြင့် ထိန်းသိမ်းဂုဏ်ယူတတ်စေရန်၊
“အာခါစာပေနှင့်ယဉ်ကျေးမှုအဖွဲ့ရုံးခန်းဟာ လူမျိုးစုတစ်ခုကို ကိုယ်စားပြုတဲ့ အဆောက်အဦဖြစ်တဲ့အတွက် ဂုဏ်ယူပါတယ်၊ အာခါတိုင်းရင်းသားတွေမှာ ပညာထူးချွန်တဲ့လူငယ်တွေ အများအပြား ထွက်ပေါ် လာတာဟာ ဂုဏ်ယူစရာကောင်းပါတယ်”ဟု စစ်ဗျူဟာ(အခြေချ)တာချီလိတ်မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ဇော်နိုင်ဦးမှ အမှာစကားအဖြစ် ပြောကြားသွားသည်။
အာခါတိုင်းရင်းသား စာပေနှင့်ယဉ်ကျေးမှု အဆောက်အဦအား ၂၀၀၇ ခုနှစ် မတ်လ (၃)ရက်နေ့မှာ စတင်တည်ဆောက်ခဲ့ရာ ၂၀၁၅ ခုနှစ် ဇန်န၀ါရီလ(၂၀)ရက်နေ့တွင် အလှူရှင် (၁၇၉)ဦးမှ ဘတ်(၂,၄၉၄,၈၄၁)အား လှူဒါန်းမှုဖြင့် တည်ဆောက်ပြီးစီးခဲ့ခြင်းဖြစ်ပြီး အဆောက်အဦ၏ တည်နေရာ မြေကွက်အား ၂၀၀၈ခုနှစ်က အာခါဈေးပိုင်ရှင် ဦးအာဇီး မိသားစုမှ လှူဒါန်းခဲ့တာဖြစ်ပြီး အကျယ်အ၀န်းမှာ (၄၀ပေ x ၉၅ပေ)အကျယ်ရှိကြောင်း သိရှိရသည်။
ယခုဖွင့်လှစ်သည့် တာချီလိတ်ခရိုင် အာခါစာပေနှင့် ယဉ်ကျေးမှု အဆောက်အဦသစ် ဖွင့်ပွဲအဖြစ် တာချီလိတ်(အခြေချ) စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ဇော်နိုင်ဦး၊ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ၊ တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း၊ အာခါစာပေနှင့်ယဉ်ကျေးမှုအဖွဲ့ နာယက ဦးအာဇီးနှင့် ဥက္ကဌ ဦးလောတာတို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြပြီးနောက် ဖွင့်ပွဲသို့ တက်ရောက်လာသည့် တိုင်းရင်းသားများနှင့် ဧည့်သည်တော်များအား အာခါတိုင်းရင်းသား ထမင်းနှင့်ဟင်းများဖြင့် တည်ခင်း ဧည့်ခံခဲ့ကြောင်း သိရှိရသည်။
ပုံများကိုကြည့်ရန်