Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

CNCMC ကော်မတီအား ဂျပန်နိုင်ငံ JICA နှင့် IDE ကိုယ်စားလှယ်တို့ လာရောက်တွေ့ဆုံ

$
0
0
ဂျပန်နိုင်ငံ Japan International Cooperation Agency ( JICA )မှ အထူးအကြံပေးပုဂ္ဂိုလ် Mrs. MOMOSE Shioko နှင့် ဂျပန်နိုင်ငံ Institute of Developing Economies ( IDE ) မှ ဒါရိုက်တာ Mrs. Miwa Yamada တို့သည် မြန်မာနိုင်ငံ တာချီလိတ်မြို့သို့ ရောက်ရှိလာပြီး သက်ဆိုင်ရာများနှင့် လူကုန်ကူးမှုတားဆီးရေးကိစ္စရပ်များနှင့် ပတ်သက်၍ တွေ့ဆုံဆွေးနွေးပြီးနောက် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံသားများအား ကူညီပေးနေသည့် CNCMC ကော်မတီ၏ လုပ်ဆောင်ချက်များအား လေ့လာလိုကြောင်း ကမ်းလှမ်းလာသည့် အတွက် နိုဝင်ဘာလ(၁၀)ရက် ညနေ(၆)နာရီ အချိန်က တာချီလိတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးရှိ ရုံးခန်းတွင် လက်ခံတွေ့ဆုံခဲ့ကြောင်း သိရသည်။


ထိုသို့ တွေ့ဆုံမှုတွင် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံသားများအား ကူညီစောင့်ရှောက်ရေးနှင့် စေ့စပ်ညှိနှိုင်းရေးကော်မတီ ( CNCMC )မှ အဖွဲ့ခေါင်းဆောင်( မြို့နယ်အုပ်ချုပ်ရေးမှူး)ဦးထွန်းထွန်းဝင်း နှင့် လုပ်ငန်းအကောင်အထည်ဖော်ရေး ဆပ်ကော်မတီ ဥက္ကဌ ဦးဘိုလေး၊ ဒုတိယဥက္ကဌ ဦးအောင်ဖြိုးရှိန်၊အတွင်းရေးမှူး ဦးစည်သူမောင်၊ ဘဏ္ဍာရေးမှူး ဦးတင်နွယ် နှင့် သတင်းနှင့် ပြန်ကြားရေး ဦးဇော်အောင် တို့မှ ဂျပန်ဧည့်သည်တော်များနှင့် တွေ့ဆုံကြရာ ထိုင်းနိုင်ငံသို့ ရောက်ရှိနေပြီး အခက်အခဲဖြစ်ပေါ်နေသော မြန်မာနိုင်ငံသားများအား ကူညီပေးခဲ့မှုနှင့် CNCMC ကော်မတီ၏ ရှေ့ဆက်လက် လုပ်ဆောင်မည့် လုပ်ငန်းစဉ်များအား ချပြဆွေးနွေးခဲ့ကြသည်။


CNCMC ကော်မတီမှ ကော်မတီဝင်များ အနေဖြင့် ကူညီဆောင်ရွက်ပေးခဲ့သည့် ဆောင်ရွက်မှုများအနက် မယ်ဆိုင်မြို့ အထည်ချုပ်စက်ရုံမှ မြန်မာအလုပ်သမား (၁၈၆)ဦးကိစ္စ အပါအဝင်၊ မယ်ဆိုင်မြို့တွင် မြန်မာနိုင်ငံသား အမျိုးသားများကိုသာ လမ်းဘေး၌ ရပ်တန့်စေပြီး မူးယစ်ဆေးဝါး သုံးစွဲထားခြင်း ရှိ/မရှိ ဆီးစစ်ခြင်းကိစ္စ၊ လူကုန်ကူးခံရသည့် ကိစ္စ နှင့် ထိုင်းဘဏ်များတွင် ငွေထုတ်ယူပြီးနောက် ထိုင်းရဲများက ငွေညှစ်သည့် ကိစ္စ စသည်တို့ကို တွေ့ဆုံမှုသို့ တက်ရောက်လာသည့် CNCMC ကော်မတီဝင်များက ပုံနှင့်တကွ ရှင်းလင်းပြောကြားရာ ဂျပန်နိုင်ငံ JICA နှင့် IDE တို့မှ ကိုယ်စားလှယ်များက စိတ်ဝင်တစား လေ့လာ မှတ်သားခဲ့ကြသည်။


ဂျပန်နိုင်ငံ JICA နှင့် IDE တို့မှ ကိုယ်စားလှယ်များက CNCMC ၏ လုပ်ဆောင်ချက်နှင့် ပတ်သက်၍ ကော်မတီဝင်များ အနေဖြင့် လစာမည်မျှ ရယူပြီး ယခုလို ကူညီမှုများနှင့် ပတ်သက်၍ ရန်ပုံငွေအား မည်သည့်ဌာနက ရယူကြောင်းကို မေးမြန်းရာ CNCMC ကော်မတီဝင်များက လစာငွေနှင့် ပတ်သက်၍ ၎င်းတို့အနေဖြင့် ကိုယ်ပိုင်အလုပ်များရှိကြောင်း၊ လစာယူစရာမလိုဘဲ မိမိတို့အနေဖြင့် မျိုးချစ်စိတ်နှင့်အတူ တစ်ဖက်နိုင်ငံတွင် ဒုက္ခရောက်နေသော မြန်မာနိုင်ငံသားများအား လက်လှမ်းမီသမျှ ကူညီပေးနိုင်ရေး အတွက်သာ အဓိကထားကာ စေတနာဖြင့် ကူညီပေးနေတာဖြစ်ပြီး ကော်မတီ၏ ရန်ပုံငွေနှင့် ပတ်သက်၍ မည်သည့်အသင်းအဖွဲ့ ဌာနစသည်တို့မှ ရယူခြင်းမရှိဘဲ တာချီလိတ်မြို့ရှိ ဒေသခံစေတနာရှင်များ၏ ကူညီပံ့ပိုးမှုများဖြင့် အခက်အခဲဖြစ်နေသူများကို ကူညီပေးနေတာဖြစ်ကြောင်း ရှင်းလင်းကြားသည်။

ကော်မတီ၏ ရှေ့ဆက်လုပ်ဆောင်မည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ CNCMC ကော်မတီ၏ အဖွဲ့ခေါင်းဆောင် (မြို့နယ်အုပ်ချုပ်ရေးမှူး) ဦးထွန်းထွန်းဝင်း နှင့် ကော်မတီဝင်များက ကော်မတီအနေဖြင့် တာချီလိတ်မှ တဆင့် ထိုင်းနိုင်ငံဘက်သို့ သွားရောက် အလုပ်လုပ်ကိုင်မည့် မြန်မာနိုင်ငံသားများအား အလုပ်သမား အခွင့်အရေးနှင့် လူကုန်ကူးမှု အသိပညာပေးမှုများ စသည့်တို့ကို သိရှိနားလည်နိုင်စေရန် အတွက် အသိပညာပေး ဟောပြောမှုများ ပြုလုပ်သွားရန် ရှိကြောင်းနှင့် ထိုင်း - မြန်မာ အမှတ်(၁) ချစ်ကြည်ရေးတံတားတွင် အရေးကြုံက ဆက်သွယ် အကူအညီတောင်းခံနိုင်ရန်အတွက် အသိပေး ဆိုင်းဘုတ်အား စိုက်ထူသွားမှာဖြစ်ပြီး ထိုင်းဘတ်ငွေ ဘတ်(၄၀၀၀၀)အကုန်အကျခံကာ မြန်မာ၊ အင်္ဂလိပ်၊ ထိုင်း၊ ရှမ်း၊ အာခါ၊ လားဟူ (၆)ဘာသာ ပါဝင်သည့် ပန်းဖလက်များကိုလည်း ပြုလုပ်၍ ဖြန့်ဝေသွားရန် ရှိကြောင်း ရှင်းလင်းပြောကြားသည်။

ယင်းနောက် အဆိုပါ တွေ့ဆုံမှုအား ည(၇း၃၀)နာရီတွင် ပြီးမြောက်ခဲ့ပြီး အမှတ်တရ ဓါတ်ပုံများ ရိုက်ယူခဲ့ကြပြီး CNCMC ကော်မတီအနေဖြင့် ယခုလို နိုင်ငံခြား အဖွဲ့အစည်းများကို လက်တွေ့ဆုံမှုသည် ယခုအကြိမ်သည် ဒုတိယအကြိမ်ဖြစ်ကြောင်း သိရှိရသည်။

သတင်း ။  ။ ကိုဇောင်း
ဓါတ်ပုံ ။   ။ ဇောင်းညီ
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~

~~~~~~~~ ကြော်ငြာ ~~~~~~~~~

Viewing all articles
Browse latest Browse all 18345

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>