တာချီလိတ်မြို့နယ်၊ မကာဟိုခမ်းရပ်ကွက်၊ တာချီလိတ်ရွှေတိဂုံဘုရားလမ်း အဆင်းရှိ အထည်ဆိုင် တစ်ဆိုင်တွင် ထမင်းပေါင်းအိုးတည်ရာမှ အပူလွန်ကဲပြီး မီးလောင်မှုဖြစ်ပွားသည့် ဖြစ်စဉ်တစ်ခု ယနေ့ ၂၀၁၄ခုနှစ် စက်တင်ဘာလ(၃၀)ရက် မွန်းလွဲ(၁း၃၀)နာရီအချိန်ခန့်က ဖြစ်ပွားခဲ့သည်။
ဖြစ်ပွားမှုများနှင့် စပ်လျဉ်း၍ "မီးခိုးလုံးကြီးတက်လာတာတွေ့ရတော့ အနီးအနားက လူတွေ မီးလောင်တာကို သိလိုက်ရတာနဲ့၊ ချက်ချင်းပဲ ၀ိုင်းကူပြီး မီးငြှိမ်းကြတယ်၊ မီးဖိုချောင်မှာ မီးလောင်နေတာ မီးသတ်ကားတွေလည်း ရောက်လာပြီး ရေဖြန်းငြှိမ်းသတ်တာ အပူချိန်က တော်တော်ပြင်းတယ်၊ မျက်နှာကျက်က ပြန်ကျလာတဲ့ ရေတွေတောင် တော်တော်ပူတယ်၊ တော်သေးတယ် အသိမြန်လို့"ဟု အနီးအနားရှိ ဈေးသည်တစ်ဦးက တာချီလိတ်အွန်လိုင်းသို့ ပြောပြသည်။
မီးလောင်ကျွမ်းမှုကြောင့် မီးဖိုချောင်အတွင်း၌ ပျက်စီးဆုံးရှုံးမှုများ အနေဖြင့် ထမင်းပေါင်းအိုးနှင့် သွယ်တန်းထားသော လျှပ်စစ်ဝါယာကြိုးများ၊ ပန်းကန်စင်နှင့် မီးဖိုချောင်းသုံး ပစ္စည်းအနည်းအငယ်တို့ လောင်ကျွမ်းသွားကြောင်း နှင့် ဆုံးရှုံးမှု တန်ဖိုးမှာ အနည်းအငယ်သာ ဖြစ်ကြောင်း သိရသည်။
မီးစတင်လောင်ကျွမ်းရာတွင် အနီးအနားရှိ ပြည်သူများမှ အရေးပေါ် ၀ိုင်းဝန်းငြှိမ်းသတ်နေကြစဉ် မြို့နယ်မီးသတ်ဦးစီးမှူး ဦးစီးအရာရှိ ဦးမျိုးဇင်ဝင်း ဦးဆောင်သည့် သန္ဓေ/အရန် မီးသတ်တပ်ဖွဲ့ဝင် စုစုပေါင်း (၂၂)ဦးတို့မှရောက်ရှိလာပြီး မီးသတ်ယာဉ်(၃)စီးတို့ဖြင့် ငြှိမ်းသတ်ခဲ့ရကြောင်း သိရသည်။
ယခုဖြစ်စဉ်နှင့် ပတ်သက်၍ ဆိုင်ရှင်အား တာချီလိတ်မြို့မရဲစခန်းမှ (ပ)၂၀၃/၂၀၁၄ အရ အရေးယူထားရှိကြောင်း သိရှိရသည်။
( ရုပ်သံ )

သတင်း ။ ။ ကိုဇောင်း
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
Facebook: www.fb.com/TachileikNews
Youtube: www.youtube.com/ TachileikNews
Email: tachileik@tachileik.net