ပြီးခဲ့သည့် ၂၀၁၄ခုနှစ် ဇူလိုင်လ(၂၈)ရက်နေ့က စစ်ဗျူဟာအဖွဲ့(အခြေချ)တာချီလိတ် နှင့် မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်တို့ ပါဝင်သည့် ပူးပေါင်းအဖွဲ့မှ ကျပ်သိန်းပေါင်း (၂၂၆၂၄)သိန်း တန်ဖိုးရှိသည့် ဘိန်းဖြူဘလောက်တုံး (၄၀၄)တုံး နှင့် လက်နက်ခဲယမ်းများ ဖမ်းဆီးရမိခြင်း နှင့် စပ်လျဉ်း၍ သတင်းကွင်းဆက်များအရ သြဂုတ်လ(၈)ရက်နေ့ ညနေ(၄း၄၅)နာရီအချိန်က မိုင်းဆတ်ခရိုင်အတွင်း နယ်မြေရှင်းလင်းစဉ် စိတ်ကြွဆေးပြားများ၊ စိတ်ကြွဆေးအကြေ နှင့် အမှုန့်များကို ပိုင်ရှင်မဲ့အဖြစ် ရှာဖွေသိမ်းဆည်းရမိကြောင်း သိရသည်။
မိုင်းဆတ်မြို့နယ်၊ ပူနားကို ပတ်ဝန်းကျင်တစ်လျှောက် မူးယစ်ဆေးဝါးကိစ္စရပ်များနှင့် ပတ်သက်၍ စဉ်ဆက်မပြတ် နယ်မြေရှင်းလင်းမှုများ ပြုလုပ်ရာတွင် အမှတ်(၅၅၃)ခြေမြန်တပ်ရင်းမှ ချောင်းအနီး တောင်စောင်းနေရာ၌ ကာလတန်ဖိုးငွေ ကျပ်(၉၅)သိန်းတန်ဖိုးရှိသည့် ပန်းရောင်စိတ်ကြွ ရူးသွပ်ဆေးပြား (၃၈၀၀)ပြား၊ ကာလတန်ဖိုးငွေ ကျပ်သိန်းပေါင်း (၃၇၅)သိန်း တန်ဖိုးရှိ ပန်းရောင်စိတ်ကြွရှုးသွပ် ဆေးမှုန့် (၁.၅)ကီလို၊ စိတ်ကြွဆေးအကြေ (၄၅)ဂရမ်၊ နှင့် ဆက်စပ်ပစ္စည်းများဖြစ်သည့် အပြာရောင် ပလပ်စတစ်ကပ်ခွာအိတ် (၂၅၇)လုံးနှင့် စကာခွက်(၃)ခွက်တို့အား အဆိုပါ တောအတွင်း ပိုင်ရှင်မဲ့အဖြစ် ရှာဖွေတွေ့ရှိရသည့်အတွက် မိုင်းတွမ်းနယ်မြေ ရဲစခန်းမှ မယ(ပ)၈/၂၀၁၄၊ မူး/စိတ်ပုဒ်မ ၁၉(က)အရ အရေးယူ ဆောင်ရွက်ထားရှိကြောင်း သတင်းရရှိသည်။
ကွင်းဆက်များအရ ယခု သြဂုတ်လအတွင်းတွင် မိုင်းဆတ်ခရိုင်အတွင်း နယ်မြေရှင်းလင်းမှုများကြောင့် မူးယစ်ဆေးဝါးများနှင့် ဆက်စပ်ပစ္စည်းများကို ပိုင်ရှင်မဲ့အဖြစ် တောအတွင်း၌ မကြာခဏ ရှာဖွေရရှိကြောင်း သိရှိရသည်။

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
web: www.tachileik.net
Facebook: www.fb.com/TachileikNews
Youtube: www.youtube.com/ TachileikNews
Email: tachileik@tachileik.net