ရှမ်းပြည်နယ် အရှေ့ပိုင်း၊ ကျိုင်းတုံတွင် ပြစ်ဒဏ်ချမှတ်ပြီးနောက် ပြစ်ဒဏ်စေ့ရောက်သည့် ထိုင်းနိုင်ငံသား (၅)ဦးအား ယနေ့ ၂၀၁၄ခုနှစ် သြဂုတ်လ(၇)ရက် မွန်းလွဲ(၁း၃၀)နာရီ အချိန်က တာချီလိတ်မြို့ ထိုင်း - မြန်မာ အမှတ်(၁) ချစ်ကြည်ရေးတံတားပေါ်တွင် မြန်မာနိုင်ငံ တာချီလိတ်ဘက်မှ သက်ဆိုင်ရာများက ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရှိ တာဝန်ရှိသူများထံ ပြန်လည်၍ တရားဝင်လွှဲပြောင်း ပေးအပ်လိုက်ကြောင်း သိရသည်။
ထိုသို့ လွှဲပြောင်းပေးအပ်ရာတွင် မြန်မာနိုင်ငံ တာချီလိတ်မြို့မှ တာချီလိတ်ခရိုင် လ၀က ဒုတိယညွှန်ကြားရေးမှူး ဦးကျော်စွာလွင် နှင့် တာချီလိတ် မကဖ(၈) ဦးစီးအရာရှိ ဦးဇော်မင်းမြင့်တို့ ပါဝင်သည့် အဖွဲ့ဝင်(၅)ဦးမှ လက်မှတ်ရေးထိုး၍ လွှဲပြောင်းပေးအပ်ရာ ထိုင်းနိုင်ငံ မယ်ဆိုင်မြို့မှ ထိုင်းလ၀က ရဲမှူး ဖနော ကျရုဖက်ထ် နှင့် ထိုင်းလ၀က အမှူစစ်အရာရှိ ချုတ်ခ် ကျင်းလီ တို့ ပါဝင်သည့် အဖွဲ့ဝင် (၄)ဦးသည် လက်မှတ်ပြန်လည်ရေးထိုးပြီး လွှဲပြောင်းမှုကို လက်ခံခဲ့ကြသည်။
လွှဲပြောင်းခံ ပြစ်ဒဏ်စေ့ရောက် ထိုင်းနိုင်ငံသားများမှာ ကီမန်(Kimeng)၊ နာရ(Nara)၊ ဆုရာဖန်(Suore Phan)၊ ၀ီရာရွတ်(Weera Yut) နှင့် ဆာခွန်(Sakon)တို့ ငါးဦးဖြစ်ကြောင်း နှင့် ၎င်းတို့သည် တာချီလိတ်မြို့တွင် ပြီးခဲ့သော ၂၀၁၄ခုနှစ် ဖေဖော်ဝါရီလ(၁၅)ရက်နေ့က လပ်ဗီးဂက်စ်ဟိုတယ်၌ သက်ဆိုင်ရာမှ ၀င်ရောက်စစ်ဆေးရာတွင် လောင်းကစားမှု နှင့် ပတ်သက်၍ ဖမ်းဆီးခံရပြီးနောက် လောင်းကစား ဥပဒေ ပုဒ်မ-၁၃(က)အရ ထောင်ဒဏ် (၆)လအဖြစ် ကျိုင်းတုံထောင်၌ ပြစ်ဒဏ်ချမှတ်ပြီး ပြစ်ဒဏ်စေ့၍ ပြန်လည် လွှတ်မြောက်လာကြသူများ ဖြစ်ကြောင်း သိရှိရသည်။

သတင်း ။ ။ ကိုဇောင်း
ပုံများကိုကြည့်ရန်
11 photos
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
web: www.tachileik.net
Facebook: www.fb.com/TachileikNews
Youtube: www.youtube.com/ TachileikNews
Email: tachileik@tachileik.net